လယ်သမား ဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား


2013.12.27
umyinthlaing-305.jpg ဒီဇင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေရေးဆွဲရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် စကားပြောနေစဉ်
photo: RFA/ Win Naung Toe

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထား တဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်းရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန မှာပြုလုပ်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မိန့်ခွန်းပြောကြားရာမှာ  ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ထည့်သွင်းပြောဆိုခဲ့တာပါ။

"မူလအခြေခံ စိုက်ပျိုးထုတ်လုပ်ကျတဲ့ ကျနော်တို့ရဲ့ တောင်သူလယ်သမားတွေ ဆင်းရဲနေသရွေ့ ကျနော်တို့နိုင်ငံကြီးဟာလည်း ဆင်းရဲနေဦးမှာပဲဖြစ်ပါတယ်၊ လူနည်းစုတစ်စု ချမ်းသာချင်ရုံနဲ့ ကျနော်တို့နိုင်ငံ တိုးတက်လာနိုင်မှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ကမ္ဘာ့အလယ်မှာလည်းပဲ အဘက်ဘက်ကနေပြီးတော့မှ မျက်နှာငယ်ကြရမှာပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီနေ့နေ့စဉ်နဲ့အမျှ ကြုံတွေ့ကြားသိမြင်တွေ့နေကြတဲ့ လယ်ယာလုပ်ငန်းတွေကို စွန့်ခွာပြီးတော့မှ မြို့ပြပေါ်တက်ပြီးတော့ မှ ရရာလုပ်နေ၊ အနေမဲ့အခြေမဲ့ပြီး တဲလေးတွေထိုး၊ ပလပ်စတစ်လေးတွေထိုးတော့မှ နေနေကြ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကျနော်တို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေကြတယ်

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ အခုလိုအချိန်မျိုးမှာ အပြစ်တွေချည်းပြောမနေဘဲနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ မိမိတို့မှာတာဝန်ရှိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်ပကိုတင်ပို့ရောင်းချနေတဲ့ တင်ပို့ကုန်တွေမှာလည်း သဘာဝသယံဇာတတွေနဲ့ စိုက်ပျိုးထုတ်ကုန်ပစ္စည်းတွေသာများပြီး စက်မှုလုပ်ငန်းကထုတ်လုပ်တဲ့ ထုတ်ကုန်များမှာ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့အဆင့် မရှိသေးကြောင်းနဲ့ အရည်အသွေးအရလည်း ဈေးကွက်မရှိသေးကြောင်း ဝန်ကြီးဦးမြင့်လှိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။