၀န်ကြီးဌာနတွေ လိုသလောက်သာ ဘတ်ဂျက်တောင်းခံသင့်


2013.10.30

အစိုးရ ဝန်ကြီးဌာနတွေအနေနဲ့ အမှန်တကယ်သုံးစွဲမယ့် ဘဏ္ဍာငွေကိုသာ တောင်းခံသင့်ပြီး မသုံးစွဲဖြစ်တဲ့ ဘဏ္ဍာငွေတွေကိုလည်း ပြန်လည်အပ်နှံသင့်တယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင ်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကိုယ်စား အဖွဲ့ဝင် ဦးကြည်တင့်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်စည်းဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။

၂၀၁၃ - ၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ဦးကြည်တင့်က ဆွေးနွေးခဲ့တာပါ။

“ဝန်ကြီးဌာန ၁၈ ခုအား ယခုနှစ် မူလရရှိထားတဲ့ သုံးစွဲခွင့်ပြုငွေရဲ့ ၂၅ ရာခိုင်နှုန်းပင် သုံစွဲနိုင်ခြင်းမရှိသေးကြောင်းလည်း လေ့လာခဲ့ရပါသည်၊ ဝန်ကြီးဌာန ၉ ခုသည် ယခုနှစ်ခွင့်ပြုထားသော သုံးစွဲခွင့်ပြုငွေရဲ့ ၂ဝ ရာခိုင်နှုန်းပင် သုံစွဲနိုင်ခြင်းမရှိသေးကြောင်းလည်း သိရှိရပါသည်၊ ဌာနအချို့က တောင်းခံထားတဲ့သုံးငွေများ လုပ်ငန်းပြီးစီးမှုနဲ့ အမှန်တကယ် သုံးစွဲနိုင်မှုတို့ကို ချင့်ချိန်ပြီး အမှန်တကယ် မသုံးစွဲနိုင်သည်များကိုလည်း ထည့်သွင်းတောင်းခံခြင်း မပြုသင့်ပါ”

ဒါ့အပြင် ဝန်ကြီးဌာနတွေအနေနဲ့ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းပြီးစီးမှု အခြေအနေတွေကို လွှတ်တော်ကို ပြန်လည်တင်ပြသင့်တယ်လို့ ရွှေပြည်သာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက အခုလိုဆွေးနွေးပါတယ်။

“လွှတ်တော်က သုံးတဲ့ငွေတွေကို စိစစ်ပြီးပေးလိုက်တယ်၊ ပြီးရင် ဟိုဘက်ကရှိတဲ့ ဝင်ငွေကိုလည်း သူတို့ကစစ်သေးတယ်၊ လိုနေတဲ့အပိုင်းကတော့ ဒီဘဏ္ဍာငွေတွေ ယူသွားတယ်၊ ဥပမာ ကျောင်းအလုံး ၁ဝဝ ဆောက်မယ်၊ တကယ်ပြီးလား မပြီးဘူးလား၊ စံမှီလား မမှီဘူးလား၊ သတ်မှတ်ကာလ ပြီးမပြီး၊ ဒါတွေကို ဘယ်လိုစစ်မှာလဲ၊ ဘယ်သူမှမစစ်ဘူး၊ ဘဏ္ဍာရေးနှစ်ကုန်တဲ့အခါမှာ ပညာရေးဆိုလည်း ပညာရေးဝန်ကြီးဌာနက သူ့ရဲ့သုံးသပ်စမ်းစစ်ချက်ကို ဘာတွေပြီးပြီ ဘာတွေမပြီးသေးဘူး၊ ဒါမှမဟုတ်ရင် ဒီ့ထက်မြင့်ရင် report ပေါ့၊ လွှတ်တော်ကို ပြန်ပြီးတော့ သတင်းပို့တဲ့စနစ်နဲ့ ဘာတွေတော့ပြီးပြီ၊ ဘာတွေတော့ မပြီးသေးဘူး၊ ဒီလိုမလုပ်မချင်းတော့ ဒီသုံးနှစ်နေသွားပြီ၊ ကောင်းကောင်းမပြီးသေးဘူး၊ ဒါကြောင့် မတိုးတက်ဘူး”

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနဲ့ ပတ်သက်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေက  ဒီနေ့ စည်းဝေးပွဲမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။