ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တစ်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် တစ်ဦး၊ ဝန်ကြီးဌာနများ ပြည်ထောင်စု ဝန်ကြီး ၁၀ ဦး နဲ့ ပြည်ထောင်စုအဆင့် တာဝန် ပေးထားတဲ့ ပြည်ထောင်စုရုံး အဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၁၃ ဦးကို တာဝန် ပေးအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။

2012.09.07
ministers-inaugurate-090712-b305 ၂၀၁၂ စက်တင်ဘာလ ၇ ရက်က ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများ ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။
RFA

"နိုင်ငံတော်သမ္မတက တင်ပြလာသော ဦးအေးမြင့်ကြူ၊ ဗိုလ်ချုပ် ဇေယျာအောင်၊ ဒေါက်တာ မြင့်အောင်၊ ဦးကျော်လွင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးမော်မြင့်၊ ဒေါက်တာ ကိုကိုဦး၊ ဦးဋ္ဌေးအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့အား ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉ အရ ကြေညာပါတယ်"

တာဝန်ပေးခံရတဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ တခြား အရာရှိတွေဟာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုချက် ရရှိပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်မှာ ကတိသစ္စာ ပြုကြပါတယ်။

ပြည်ထောင်စု ဝန်ကြီးတွေအဖြစ် အခု တာဝန်ပေးလိုက်တဲ့ သူတွေကို နိုင်ငံတော် သမ္မတက သြဂုတ်လ ၂၉ ရက်နေ့ကတည်းက သဝဏ်လွှာ ပေးပို့ထားပြီး ကန့်ကွက်သူ မရှိတဲ့အတွက် ပြည်ထောင်စု လွှတ်တော်ကနေ အခုလို သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ အခုကျင်းပနေတဲ့ လွှတ်တော် နောက်ဆုံးနေ့ ဖြစ်ပြီး နောက်ထပ်တစ်ကြိမ် လွှတ်တော်ကို လာမယ့် အောက်တိုဘာလ တတိပတ်အတွင်း ပြန်လည်ခေါ်ယူဖို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။