နယ်စပ်မှာနေသူတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြဖို့ ဒုဝန်ကြီး သတိပေး
2018.02.12

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ တဖက်နိုင်ငံကို ကူးဖို့ စခန်းချပြင်ဆင်နေကြတဲ့ ရိုဟင်ဂျာတွေကို ကိုယ့်ရွာကိုယ် ပြန်ကြဖို့၊ မပြန်ရင် နောက်ဆက်တွဲပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီးက သတိပေးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ နှစ်နိုင်ငံ နယ်စပ်ကြားခံမြေမှာ ဖြစ်သလို စခန်းချနေကြတဲ့ မွတ်စလင် ၆ ထောင်လောက်ကို နယ်စပ်ခြံစည်းရိုး သံဆူးကြိုးကြားကနေ ဒု-ဝန်ကြီးက စကားပြောနေတဲ့ ဗီဒီယိုတခု လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဗီဒီယိုမှာ မြန်မာအစိုးရက ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာနိုင်ဖို့ ကမ်းလှမ်းစီစဉ်ပေးနေတာကို လက်ခံကြဖို့၊ ဒါကိုလက်မခံဘဲ ဒီမြစ်ကမ်းမှာပဲ အခုလို နေနေကြရင် နောက်ဆက်တွဲပြဿနာတွေ ကြုံလာရနိုင်တယ်လို့ စကားပြန်ကတဆင့် သတိပေးထားကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာ ဒု-ဝန်ကြီးက အဲဒီလို ပြောဆိုနေတာ ဟုတ်မှန်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အရာရှိတွေက အတည်ပြုပြောဆိုကြောင်းလဲ အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေက သူတို့ကို မြန်မာစစ်တပ်တွေက စပါးစိုက်ခင်းတွေ ရိတ်သိမ်းခွင့်မပြုသလို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း လာခွင့်မပေးဘဲ အငတ်ဘေးဆိုက်အောင်ပြုလုပ်နေတဲ့အပြင် တချို့အိမ်တွေမှာ ယောင်္ကျားကိုဖမ်းချင်လို့ ဇနီးနဲ့ သမီးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိလို့ ပြေးခဲ့ကြတယ်၊ သူတို့လုံခြုံမှုအတွက် အာမခံရမှ ပြန်မယ်လို့ ပြောနေကြကြောင်း A.I. လူ့အခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာလည်း ဖေါ်ပြထားပါတယ်။