NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေး
နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို ဒီနေ့တရားရုံးချိန်းမှာ အာမခံပေးလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူဟာ အူမကြီးကင်ဆာအတွက် ခွဲစိပ်ကုသမှု ခံယူထားရပြီး ဆေးရုံမှာ ရေရှည် တက်ရောက် ကုသနေရလို့ အာမခံပေးလိုက်တာလို့ ဆိုပါတယ်။
ဦးစိုးဝင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာနဲ့ စက်မှုဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ဟာ NLD အစိုးရ စီးပွားရေးကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုမှာ ပူးတွဲစွဲဆိုခံထားရတာပါ။
ဦးစိုးဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စီးပွားရေး ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကစပြီး NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ ဦးစိုးဝင်းကို အာမခံပေးပြီးနောက် တရားလိုပြသက်သေ မလာရောက်တဲ့အတွက် နောက်တစ်ပတ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ထပ်မံ ချိန်းလိုက်ပါတယ်။
ဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ အူကျရောဂါနဲ့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးကို တင်ထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။