ဝန်ကြီးနဲ့ အမတ်တွေ တလုံးတခဲ ချီးမြှင့်ငွေရမည်
2015.12.15

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေကို လာမယ့် အစိုးသစ်မတိုင်ခင် ပေးအပ်ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နိုင်ငံရေးပင်စင်လို့ ခေါ်နိုင်တဲ့ ချီးမြှင့်ငွေဟာ လက်ရှိ ရရှိနေတဲ့ လစာချီးမြှင့်ငွေ နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းကို တွက်ချက်ပြီး တလုံးတခဲတည်း ပေးအပ် ချီးမြှင့်မယ့်ငွေ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
"ဘယ်လိုနှုန်းနဲ့ တွက်တာလဲဆိုတော့ နောက်ဆုံးရတဲ့လစာကို တာဝန်ထမ်း ဆောင်ခဲ့တဲ့ခုနှစ်၊ ၅ နှစ်သက်တမ်း ဆိုရင် ချီးမြှင့်ငွေက ငွေကျပ် ၁ဝ ဆိုတော့ တာဝန် ထမ်းဆောင်ခဲ့တဲ့နှစ်က ၅ နှစ်ဖြစ်ချင်ဖြစ်မယ်၊ တချို့က ကြားဖြတ်ရွေးကောက်ပွဲ ထဲကဝင်လာတယ်ဆိုရင် ၃ နှစ်ဖြစ်ချင်ဖြစ်မယ်၊ အဲ့ဒါနဲ့မြှောက်လိုက်ရင် ကျပ်သိန်း ၅ဝ၊ ကျပ်သိန်း ၃ဝ၊ အဲ့တော့ အားလုံးဟာ တလုံးတခဲထဲ နိုင်ငံပင်စင်ပေါ့နော်၊ ဒါပဲရပါလိမ့်မယ်"
အဲဒီချီးမြှင့်ငွေ ပေးအပ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့ကစပြီး ပြည်ထောင်စုလွှတ်တော်မှာ လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ သိရပါတယ်။
တစ်လ လစာ ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ရရှိနေတဲ့ ဝန်ကြီးတစ်ဦးဟာ လုပ်သက် ၅ နှစ်ရှိရင် ကျပ်သိန်း ၁၅၀၊ တစ်လ လစာ ချီးမြှင့်ငွေ ကျပ်၂၅ သိန်း ရရှိနေတဲ့ ဒုတိယဝန်ကြီး တစ်ဦးဟာ ငွေကျပ် ၇၅ သိန်း၊ တစ်လ ကျပ် ၁၀သိန်း ခံစားခွင့်ရရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဟာ ငွေကျပ် သိန်း ၅၀ တလုံးတခဲတည်း ရရှိမှာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့၊ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ နှစ်ဦးကတော့ လစဉ် ပင်စင်ချီးမြှင့်ငွေ ရရှိနေမှာ ဖြစ်ပြီး အခုချီးမြှင့်မယ့် နိုင်ငံရေး တလုံးတခဲတည်း ပင်စင်ငွေလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက အစိုးရအဖွဲ့နဲ့ လွှတ်တော် က ပေးအပ်တဲ့ ချီးမြှင့်ငွေ လစာခံစားတာမဟုတ်တဲ့အတွက် တလုံးတည်း တခဲတည်း ချီးမြှင့်ငွေ ရရှိမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပင်စင် လို့ခေါ်တဲ့ တလုံးတည်း တခဲတည်း ပင်စင် ချီးမြှင့်ငွေကို လာမယ့်အစိုးရသစ် မတက်ခင်မှာ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ အဲဒီလိုနိုင်ငံရေး ပင်စင် ပေးအပ်မယ့် အစီအစဉ် အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံးတခဲထဲချီးမြင့်ငွေ ခံစားခွင့် ပေးလိုက်မယ် ဆိုရင် ငွေစက္ကူတွေရိုက်နှိပ်ပြီး ပေးရ မှာမို့ ငွေကြေးဖောင်းပွပြီး အခြေခံလူထုအတွက် အခက်အခဲတွေပိုလာနိုင်တယ်လို့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။ ဦးကျော်ရင်မြင့်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။