မိုင်းမောမြို့ ပေါက်ကွဲမှု ၁၆ ဦးသေဆုံး


2019.03.24
minemaw-explosion-622.jpg "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားစဉ်
Photo: Ye Htut Oo - WeChat

ရှမ်းပြည်နယ်မြောက်ပိုင်း"ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းမောမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက RFA ကို ဒီနေ့ ပြောပါတယ်။

မနေ့ညနေ ၅ နာရီ ဝန်းကျင်လောက်က မိုင်းမောမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၆ ဦးအတွက် လျော်ကြေးပေးသွားမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးကိုတော့ တရုတ်ပြည်ဘက်ကိုပို့ပြီး ဆေးကုသပေးနေတယ်လို့ "ဝ"ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဂိုဒေါင်မှာထားတဲ့ ဂတ်စ်အိုးတွေ၊ ယမ်းတွေကတဆင့် ပေါက်ကွဲမှုဖြစ်ပွားတာလို့ သိထားပြီး အဲဒီဂိုဒေါင်မှာ အလုပ်လုပ်နေတဲ့ အရပ်သား ၁၆ ဦး သေဆုံးခဲ့တာပါ။

ဒီပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးပြီး "ဝ" ပြည်နယ်ရဲ့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဦးညီရန်းက RFA ကို ပြောပါတယ်။

"ကျတော်တို့ "ဝ" ပြည်မှာ လူနေမှုသိပ်သည်းတဲ့ နေရာတွေမှာ အဆောက်အဦးများတဲ့နေရာတွေမှာ မြို့တွင်းထဲမှာ ပေါက်ကွဲစေတဲ့ ပေါက်ကွဲတတ်တဲ့ ဂတ်စ်အိုးတွေ ဆီသိုလှောင်မှုတွေ၊ ဆီပန့်တွေ ကျတော်တို့က ထားခွင့်မရှိပါဘူးနော်၊ ဒါကတော့ ဘယ်သူမှာတာဝန်ရှိသလဲ၊ ဘယ်သူက တာဝန်ယူမလဲ စသဖြင့် ကျတော်တို့ "ဝ" ပြည်နယ်ရဲ့ တည်ဆဲဥပဒေအရ အရေးယူသွားဖို့ ရှိပါတယ်"

၀ ဒေသအတွင်း သတ္တုတွင်းလုပ်ငန်းတွေရှိတဲ့အတွက် ဂတ်စ်တွေ ယမ်းတွေသယ်ယူပြီး အသွားအလာလုပ်တာတွေရှိတယ်လို့ သိရပါတယ်။

"ဝ"ပြည်မှာ ဒေသခံပိုင် ကုမ္ပဏီတွေ ရှိသလို၊ တရုတ်ဘက်က လာရောက်ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေလည်းရှိပြီး နှစ်ဖက်အကျိုးတူ ဆောင်ရွက်တဲ့ ကုမ္ပဏီတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဟာ ဒေသခံတွေပိုင်တဲ့ ကုမ္ပဏီလား၊ ဒါမှမဟုတ် တရုတ်ကုမ္ပဏီလား နှစ်ဖက်အကျိုးတူ ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီလားဆိုတာတော့ လတ်တလော အတည်မပြုနိုင်သေးဘူးလို့ ဦးညီရန်းက ပြောပါတယ်။

"ဝ" ဒေသမှာ အလုပ်လာလုပ်ကြတဲ့ သူတွေထဲမှာ လားဟူ၊ ရှမ်း၊ ဗမာ စတဲ့ မြန်မာ တိုင်းရင်းသားတွေအပြင် တရုတ်ဘက်က အလုပ်လာလုပ်ကြတဲ့ တရုတ်နိုင်ငံသားတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေကတော့ ဒေသခံ တိုင်းရင်းသားတွေလား၊ တရုတ်ဘက်က လူတွေလားဆိုတာကို လတ်တလော အတည်ပြုမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

အခု ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မိုင်းမောမြို့ဟာ ဧပြီလထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကျင်းပမယ့် ပန်ဆန်းမြို့နဲ့ ကီလိုမီတာ ၁၇၀ ကွာဝေးတယ်လို့ သိရပါတယ်။

ပန်ဆန်းမြို့မှာကျင်းပမယ့် ပွဲအတွက်ပြင်ဆင်နေရင်း အခုလို ပေါက်ကွဲမှုဖြစ်ပွားတာလို့ သတင်းတွေ ထွက်နေပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ဦးညီရန်းက

"ကျတော်တို့ သိသလောက်ကတော့ တခြားပယောဂ မပါပါဘူးနော်၊ ကျတော်တို့ ပန်ဆန်း ဗဟိုဌာနချုပ်နဲ့လည်း ကီလိုမီတာအားဖြင့် ၁၇၀ လောက် ကွာဝေးပါတယ်။ တစ်စုံတစ်ရာပတ်သက်မှု မရှိပါဘူး၊ အများပြည်သူတွေအနေနဲ့လည်း ဒီကိစ္စကြောက်လန့်ဖို့ မလိုပါဘူး၊ လာမယ့် မီဒီယာတွေ ပြည်သူတွေအနေနဲ့လည်း ဒီပွဲကို ကောင်းကောင်းမွန်မွန်နဲ့ စိတ်ချလက်ချ သွားလာနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းစကားပေးလိုပါတယ်၊ ဒါကတော့ တခြားအကြမ်းဖက်မှု ပယောဂအမှုတွေ မပါဘူးလို့ ကျတော်တို့ ရဲရဲကြီးပြောလို့ရပါတယ်"

ဒီပေါက်ကွဲမှုဟာ "ဝ" ဒေသမှာ လူထိခိုက်သေဆုံးမှုရှိခဲ့တဲ့ ပထမဆုံး ပေါက်ကွဲမှုကြီး တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။