စစ်မှုထမ်းဆင့်ခေါ်ရေးမှာ ငွေကြေးမသမာမှုတွေ ရှိနေကြောင်း ဒုစစ်ခေါင်းဆောင်ဝန်ခံ
စစ်ကောင်စီရဲ့ ပြည်သူစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တချို့ဟာ ဥပဒေအတိုင်းမလုပ်ဘဲ ငွေကြေးမသမာမှုတွေ ရှိနေတဲ့အတွက် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရတယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
-
RFA Burmese
2025-03-20 -
-
-
စစ်ကောင်စီရဲ့ ပြည်သူစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တချို့ဟာ ဥပဒေအတိုင်းမလုပ်ဘဲ ငွေကြေးမသမာမှုတွေ ရှိနေတဲ့အတွက် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရတယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။
ရှမ်းပြည်နယ် ကလောမြို့က တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်ပြောဆိုခဲ့တာဖြစ်ပြီး စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တချို့ရဲ့ ငွေကြေးမသမာမှုကြောင့် ဖြစ်လာတဲ့ပြဿနာတွေကို နေ့စဥ်နဲ့အမျှ ဖြေရှင်းနေရတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ တွေ့ရှိရင် အချိန်နဲ့တစ်ပြေးညီ တင်ပြကြဖို့ ဒုစစ်ခေါင်းဆောင်က သတိပေးပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အစီအစဥ်တွေကြောင့် ဒေသအသီးသီးမှာ စစ်မှုထမ်းကြေး လစဉ် ပေးဆောင်ရတာ၊ စစ်မှုထမ်း လူစားထိုးဖို့ ငွေကြေးပေးဆောင်ရတာနဲ့ စစ်မှုထမ်းဖို့ဖမ်းဆီးပြီးနောက် ငွေကြေးနဲ့ ပြန်လည်ရွေးယူရတာ စတဲ့ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေနဲ့ စစ်မှုထမ်း မိသားစုဝင်တွေက ပြောကြပါတယ်။
စစ်ကောင်စီ အကြီးအကဲတွေက စစ်မှုထမ်းကိစ္စ ကြပ်မတ်ဖို့ တိုက်တွန်းပေမဲ့ လက်တွေ့မှာ ခက်ခဲနိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကတည်းက ခွဲတမ်းအမိန့်က ထွက်ထားပြီးသား တပ်ရင်းတစ်ရင်းကို ဘယ်လောက်ဆိုတာ။ အခုဆို ပိုဆိုးလာတာပေါ့။ သူက လူကြီးဆိုတော့ ပေါ်လစီအရပဲ ပြောပေမဲ့ အောက်ခြေမှာတော့ လုပ်ချင်တိုင်း လုပ်နေကြတာပါပဲ”
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်း ၁၁ ကြိမ်အထိ ခေါ်ယူထားပါတယ်။
လက်ရှိမှာ အမှတ်စဥ် (၈) အထိ သင်တန်းဆင်းထားပြီး ရှေ့တန်းတပ်စခန်းတွေနဲ့ စစ်မြေပြင်တွေဆီ စေလွှတ်ခဲ့တယ်လို့ စစ်မှုထမ်းတပ်သားတွေက ပြောပါတယ်။