မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်က ရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူနေ

RFA Burmese
2024.01.29
မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်က ရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူနေ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ပြုလုပ်သည့် ဌာနေ ပြည်သူ့စစ်သင်တန်းတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Soe Khtt

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်မြို့နယ်က ရွာတွေမှာ ဇန်နဝါရီလကစပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ မဲနှိုက်ရွေးချယ်တာရှိသလို မလိုက်နိုင်သူတွေကို ငွေဆယ်သိန်းတောင်းယူတာအထိ​ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ပျားမွတ်လျှော်ချောင်းအုပ်စု၊ ဘုရားချောင်း ကျုံလတာအုပ်စု၊ ဖိုးသာအေးအုပ်စု အပါအဝင် ကျေးရွာအုပ်စု ငါးခုလောက်မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကိုသုံးဦး မဲနှိုက်ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

မဲပေါက်သူတွေအနေနဲ့ ပြည်သူ့စစ်သင်တန်း မတက်ချင်ဘူးဆိုရင် ငွေဆယ်သိန်း ပေးဆောင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မော်လမြိုင်ကျွန်းမြို့နယ် ဘုရားချောင်းကျုံလတာ ကျေးရွာအုပ်စုမှာ မဖြစ်မနေ သုံးဦး ပြည်သူ့စစ်ထဲလိုက်ရမယ်ဆိုပြီး မ​နေ့က အတင်းအကျပ် လာရောက်စုဆောင်းတယ်။ မဲကျတဲ့သူတွေထဲ မလိုက်ချင်ရင် တစ်ဦး ဆယ်သိန်း ပေးရမယ်ပြောတယ်။ ဒီနေ့တော့ ဖိုးသာအေးကျေးရွာအုပ်စုကို လာရောက်စုဆောင်းမယ်လို့ ကြားရတယ်"

မော်လမြိုင်ကျွန်းမြို့နယ်က ခမရ (၅၃၄) တပ်ရင်းမှာ ပြည်သူ့စစ်သင်တန်းတွေကို ပြီးခဲ့တဲ့နှစ်ကတည်းကစပြီး သင်တန်းပေးနေတာလို့ ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီလမှာတော့ တစ်ရွာကို သုံးဦးနှုန်း မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းတက်ရမယ်ဆိုတာကြောင့် တပ်ထောက်ခံသူတွေတောင် လက်မခံကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာတော့ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ပြည်သူ့စစ်သင်တန်းတက်ဖို့ဆိုပြီး ဘုံလုံချောင်း၊ ကျုံတုံးတမံ၊ ထားဝယ်မှိုင်း၊ ရုံးဒေါင့်၊ ထရော်ရွာသစ်၊ အိမ်ယာကြီး၊ လှည်းဆိပ်၊ ကလပ်ရပ်၊ ခနောင်ရွာသစ် စတဲ့ ရွာတွေက ဒေသခံတစ်ရာခန့်ကို ရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဖိအားပေး ခေါ်ယူနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြည်သူစစ်သင်တန်း ခေါ်ယူနေတာကြောင့် ရွာတချို့ကလူငယ်တွေ တိမ်းရှောင်တာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိုက်လတ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ပြည်သူ့စစ်၊ အရံမီးသတ်နဲ့ ကြံ့ဖွံ့တွေကို အဓိက စုနေတယ်။ ခန့်မှန်းအင်အား တစ်ရာလောက် စုနေတယ်။ ရပ်ကျေးအုပ်ကြီးတွေကတစ်ဆင့် ဖိအားပေးပြီးစုတယ်။ ဖိအားပေးတဲ့ပုံစံက PDF တွေလာမသတ်ခင် ကိုယ်က လက်ဦးအောင်သတ်ရမယ်ဆိုပြီး စုတာ။ အစည်းအဝေးခေါ်ပြောပြီးစုတာ။ အရွယ်ကောင်းတွေလည်း တချို့ ရွာတွေကနေ ရှောင်သွားကြပြီ"

ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ဖိအားပေးခေါ်ယူနေတယ်ဆိုတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း ကျုံပျော်မြို့နယ် မိုးကြိုးပစ်ရွာ၊ အိုင်မရွာနဲ့ မြို့အနီးဝန်းကျင်က ရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကိုဆယ်ဦးနှုန်း မဲနှိုက်ခေါ်ယူခဲ့တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောဆိုထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာလည်း ငပုတောမြို့နယ်ထဲက ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းအပါအဝင် ဒီဒူးကုန်း၊ သဲဖြူ၊ သစ်ရောင်၊ တိမ်မျှင်၊ သံပတ်ကွင်းနဲ့ ဆင်ငံ စတဲ့ရွာတွေမှာ ပြည်သူ့စစ်သင်တန်းအတွက် တစ်ရွာကို ငါးဦးပေးဖို့ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် တောင်းခံတာရှိတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။