ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၂၃၀ ခန့်ရှိလာ

ပြည်သူ့စစ်မှုထမ်းဥပေဒနဲ့ လူသစ်စုဆောင်းခံရပြီးနောက် စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ၂၂၇ ဦး ရှိပါတယ်။

ခမရ ၅၀၉ တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား‌ နှစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဒေါနတပ်ရင်းသို့ အလင်းဝင်ရောက်ခဲ့စဉ်။ Dawna Column - Fundraising Team

RFA ရဲ့ စာရင်းတွေရ ပြည်သူ့စစ်မှုထမ်းဥပေဒနဲ့ လူသစ်စုဆောင်းခံရပြီးနောက် မတ်လ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ၂၂၇ ဦး ရှိပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့လှစ်ခဲ့ပြီးနောက် ငါးလအကြာ ၂၀၂၄ ဩဂုတ်လမှာ စစ်မှုထမ်းတပ်သား ထွက်ပြေးတဲ့ ဖြစ်ရပ်တွေ စတင်ဖြစ်ပွားခဲ့တာပါ။

ဒီအချက်အလက်တွေဟာ နိုင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး RFA က ပြုစုထားတာ ဖြစ်ပါတယ်။

တစ်ဦးချင်း ထွက်ပြေးတာရှိသလို တပ်စိတ်လိုက် ထွက်ပြေးလာတာတွေလည်း ရှိပါတယ်။ တနင်္သာရီမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၈) က စစ်မှုထမ်းတပ်သား ခုနစ်ဦးပါတဲ့ တပ်စိတ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်တစ်ခုဖြစ်တဲ့ ဒေါနတပ်ရင်းထံ လက်နက်နဲ့တကွ ထွက်ပြေးခိုလှုံခဲ့ပါတယ်။

အဲဒီတပ်စိတ်ကို ဦးဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး ကျော်စွာဝင်းက သူတို့အနေနဲ့ စစ်မှုထမ်း သင်တန်းဆင်းကတည်းက အခုလို ထွက်ပြေးဖို့ တိုင်ပင်ခဲ့ကြတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က အခွင့်အခါသင့်ရင် ထွက်ပြေးဖို့ ကြိုပြီးတိုင်ပင်ထားကြတာ။ အဲဒီနေ့ နယ်မြေရှင်းလင်းရေးမှာ ကျွန်တော်တို့ တပ်စိတ်လိုက် တာဝန်ကျတဲ့အချိန် သေနတ်တွေရော၊ ဗုံးသီးတွေရော၊ ကျည်တွေရော အပြည့်ယူပြီး ထွက်ပြေးလာတာ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့ပါတယ်။

အဲဒီနောက် ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို ဧပြီလဆန်းမှာစတင်ပြီး ၂၀၂၅ ခုနှစ် မတ်လအထိ စစ်မှုထမ်းသင်တန်း ၁၁ ကြိမ်အထိ ခေါ်ယူထားပါတယ်။

လက်ရှိမှာ အမှတ်စဉ် (၈) အထိ သင်တန်းဆင်းထားပြီး ရှေ့တန်းတပ်စခန်းတွေနဲ့ စစ်မြေပြင်တွေဆီ စေလွှတ်ခဲ့တယ်လို့ စစ်မှုထမ်းတပ်သားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org