လဝါယာန် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကွယ်လွန်

လဝါယာန် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ တွေ့ရစဉ်။
လဝါယာန် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ တွေ့ရစဉ်။ (Dukaba Awng FB Photo)

ကချင်ပြည်နယ်က လဝါယာန် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါဟာ နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အသက် ၈၀ အရွယ် ဦးလဆန်အောင်ဝါ ဟာ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအထက်ရှိ လဝါယာန် ဌာနေပြည်သူ့စစ်ဌာနချုပ်မှာ ကွယ်လွန်ခဲ့တာလို့ ဦးလဆန်အောင်ဝါ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

"ဒီကနေ့ မနက် ၈ နာရီ ၁၀ မိနစ်လောက်မှာ ဆုံးသွားတာပေါ့။ ဖျားနာတာကနေ သေဆုံးသွားတာလို့ သိရတယ်။ ကြီးကြီးမားမား နေမကောင်းဖြစ်တာ မဟုတ်ပဲနဲ့ ဆုံးသွားတာ"

ဦးလဆန်အောင်ဝါဟာ အရင်က ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထောက်လှမ်းရေးနဲ့ အမျိုးသားလုံခြုံရေးဌာန တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ KIA ကနေ ခွဲထွက်ခဲ့တာပါ။

လဝါယာန် ပြည်သူ့စစ်ဟာ မြစ်ကြီးနား မြစ်ဆုံတစ်လျှောက် အဓိကလှုပ်ရှားပြီး လူမျိုးစုံပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးလဆန်အောင်ဝါကို ဝဏ္ဏကျော်ထင်ဘွဲ့ရ ပေးအပ်ခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲမှာ KIA ရဲ့ထိုးစစ်ကြောင့် ဌာနေပြည်သူ့စစ်တချို့ လက်နက်ချတာရှိသလို တချို့ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တုံ့ပြန်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။