ပြည်သူ့စစ်ထဲဝင်ဖို့ ဖိအားပေးနေသူတွေကို အရေးယူမယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ ထုတ်ပြန်
2024.01.18

စစ်ကောင်စီအတွက် ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဖိအားပေးနေသူတွေကို အရေးယူမယ်လို့ အမျိုုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ကွပ်ကဲရေးရုံးက ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အမှတ် (၂) စစ်ဒေသခွဲရဲ့ စစ်ဆင်ရေးနယ်မြေတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ဖိအားပေး လူသစ်စုဆောင်းနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်စုဆောင်းရာမှာ ပါဝင်ကူညီသူအားလုံးကို စစ်ဥပဒေအရ အရေးယူသွားမယ်လို့ အမှတ် (၂) စစ်ဒေသခွဲရဲ့ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက RFA ကို ပြောပါတယ်။
"ပြည်သူတွေကျတော့ တတ်နိုင်သမျှ ရှောင်ရှားဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ ဒီအင်အား စုဆောင်းတဲ့၊ အဓမ္မ စုဆောင်းတဲ့ ကိစ္စကို ပံ့ပိုးနေသူတွေ၊ ပါဝင်လုပ်ဆောင် နေသူ အားလုံးကိုတော့ ချက်ချင်းရပ်တန်းကရပ်ဖို့နဲ့ မရပ်လို့ရှိရင် ကျွန်တော်တို့က ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြန်တာပါ။ စစ်ပွဲဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ စစ်ဥပဒေအရပဲ အရေးယူရမှာပါဗျ"
ပြည်သူ့စစ်ကိုဖွဲ့စည်းတာဟာ စစ်ကောင်စီတပ်ရဲ့ ပြုန်းတီးနေတဲ့အင်အားကို ပြန်ဖြည့်ဆည်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ လုပ်ရပ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ပြည်သူ့စစ်ဖွဲ့စည်းတာဟာ ဒေသခံတွေက ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ RFA ကို ဖြေဆိုထားပါတယ်။
"ကျွန်တော် သိသလောက်ပေါ့နော်။ ကျွန်တော်တို့ကတော့ အခုကတော့ ဒီအကြမ်းဖက် လုပ်ရပ်ကို ဒေသခံတွေက ဘယ်သူမှ မလိုလားဘူးပေါ့နော်။ မလိုလားတဲ့အတွက်ကြောင့် ဒီအကြမ်းဖက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဒေသကိုကိုယ် ကာကွယ်ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဒါဆောင်ရွက်နေတယ်ဆိုတာ အကြမ်းဖျင်းသိရပါတယ်”
ကိုယ့်ဒေသကို ကာကွယ်ချင်တဲ့စိတ်နဲ့ လူငယ်အများအပြား ပြည်သူ့စစ်ထဲဝင်ရောက်တာ စာရင်းပေးနေတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဇန်နဝါရီလ ဒုတိယပတ်ကစပြီး ပဲခူးတိုင်းအတွင်းက မြို့နယ်အားလုံးနီးပါးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးတာ၊ ငွေကြေးနဲ့စည်းရုံးတာ စတဲ့နည်းလမ်းတွေ သုံးပြီး လူသစ်ဆောင်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်သူလူထု လုံခြုံရေး၊ နယ်မြေလုံခြုံရေးဆောင်ရွက်ဖို့ ပြည်သူ့ လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေကို တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။