အမ်းမှာ အိမ်နဲ့ ဈေးဆိုင် ၂၀၀ နီးပါးဖယ်ရှားဖို့ စစ်ကောင်စီအမိန့်ပေး

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာ စစ်တပ်ပိုင်မြေ နေရာထဲ ပါဝင်နေတယ်ဆိုပြီး နေအိမ်နဲ့ ဈေးဆိုင် နှစ်ရာနီးပါးကို လာမယ့် ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၂၁ ရက်နေ့နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ စစ်ကောင်စီက သတိပေး ထားတာကြောင့် ဖယ်ရှားပေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အချိန် ၁၀ နှစ်ကျော်ကြာ နေထိုင်လာခဲ့တဲ့ အိမ်ကို ဖယ်ရှားခိုင်းတာကြောင့် အိုးမဲအိမ်မဲ့ အဖြစ်ကို ရောက်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေအိမ်ဖယ်ရှားခံရသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ ဒီမှာနေလာတာ ၁၀ နှစ်လောက်ရှိပြီ။ တခြားသူတွေဆို နှစ်ပေါင်း ၂၀ လောက်တောင်ရှိကြပြီ။ သူတို့ ဘာမှလည်းမပြောဘဲနဲ့ ခင်ဗျားမှာ ယူစရာရှိတာတွေ ယူထားလိုက်။ ဒါတွေကို ကျနော်တို့ ဒီအိမ်ကို ဖယ်ရှားရတော့မယ်ဆိုပြီး လာပြောတယ်။ ပြီးတော့ သူတို့ မြေတူးစက်တွေနဲ့ ဖျက်ဆီးပစ်လိုက်တယ်။ အခုတော့ ကျနော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပြီ။ အချို့ လမ်းမှာ တဲထိုးနေကြတယ်။ တချို့ကတော့ ဆွေမျိုးတွေဆီမှာ ကပ်နေရတယ်”
လေယာဉ်ကွင်းအနီးနဲ့ ထွေအုပ်ရုံးဟောင်းမြေနေရာမှာ နေထိုင်ကြတဲ့ သူတွေက ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမှာဖြစ်ပြီး ရဲစခန်းဟောင်းမြေနေရာကိုတော့ မေလ ၂၁ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ကို ရဲနဲ့ ထွေအုပ်က အမိန့်ပေးထား တာလို့ မြို့ခံတွေက ပြောပါတယ်။
ဒီအမိန့်ထွက်ပေါ်လာပြီးနောက် ဧပြီလ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ နေအိမ်နဲ့ ဈေးဆိုင် ၁၆၀ လောက် ဖျက်ဆီးပြီး ဖယ်ရှားပေးထားရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အမ်းမြို့ သင်္ချိုင်းမြေနေရာအနီးဝန်းကျင်မှာ ဆိုင်ခန်း ၆၀ လောက်အတွက် အစားထိုးမြေနေရာပေးဖို့ ပြင်ဆင်ပေးနေပေမယ့် တခြားသူတွေကတော့ အစားထိုးမြေနေရာလည်းမရသလို ပျက်စီးသွားတဲ့ တန်ဖိုးတွေအတွက်လည်း နစ်နာကြေး တွေလည်း မရကြဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် ဖယ်ရှားခံရတဲ့ မိသားစုတွေကတော့ ပူဆွေးသောကရောက်နေကြရတယ် လို့လည်း ကာယကံရှင်တွေက ပြောပါတယ်။
အလားတူ နေအိမ်ဖယ်ရှားခံရတဲ့ အမည်မဖော်လိုသူတစ်ဦးကတော့ အစားထိုးမြေပေးဖို့ကို တောင်းဆိုပါတယ်။
“သူတို့က ဘာစာရွက်၊ စာတမ်းတွေမှမပေးဘူး။ ကျနော်တို့ကို ထွေအုပ်ရုံးကိုခေါ်တယ်။ ကျနော်တို့ အိမ်တွေကို ဖယ်ရှားပေးဖို့ပြောတယ်။ ဆိုင်းဘုတ်တွေ လာထောင်တယ်။ ဒါက မတရားတာပဲ။ ကျနော်တို့ ဘယ်နေရာမှာ သွားနေရမှာလဲ။ ပိုက်ဆံကလည်း မရှိဘူး။ မြေနေရာတွေကလည်း ဈေးကြီးတယ်။ အခု မိုးရာသီလည်း ရောက်တော့မယ်။ ကျနော်တို့ ဒီအတိုင်း အပြင်မှာနေလို့မရဘူး။ ကျနော်တို့ကို မြေနေရာတစ်ခု အစားထိုး စေချင်တယ်”
အခုလို အမ်းမြို့မှာ နေအိမ်တွေကို ဖယ်ရှားတာနဲ့ ပတ်သက်လို့ အမ်းမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်း ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာလည်း အာဂျိတ်တော်ကုန်းက ကျူးကျော်တွေလို့ သတ်မှတ် ခံထားရတဲ့ နေအိမ် ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က စစ်တပ်၊ ရဲ၊ ဌာန ဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လုပ်သားအင်အား တစ်ရာကျော်နဲ့ အင်အားသုံး ဖယ်ရှားခံလိုက်ရပြီး အဲဒီမိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။