အလယ်ပိုင်းတိုင်းမှူးနဲ့ တပ်အရာရှိတချို့ စစ်ဆေးခံနေရကြောင်း CDM စစ်တပ်အရာရှိတွေပြော

RFA Burmese
2024.06.27
အလယ်ပိုင်းတိုင်းမှူးနဲ့ တပ်အရာရှိတချို့ စစ်ဆေးခံနေရကြောင်း CDM စစ်တပ်အရာရှိတွေပြော ဗိုလ်ချုပ် ကြည်ခိုင်အား ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော် စိန်ဖူးတော်တင်ပွဲတွင် တွေ့ရစဉ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့

မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အပါအဝင် အရာရှိသုံးဦး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေနဲ့ နီးစပ်တဲ့ CDM အရာရှိတွေက ပြောပါတယ်။

ခေါ်ယူစစ်ဆေးခံရတဲ့ အကြောင်းအရင်းကို မသိရသေးပေမဲ့ ဇွန်လ ၂၅ ရက်ဝန်းကျင်ကတည်းက ခေါ်ယူစစ်ဆေးနေတာလို့ CDM ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။

"သူက အစည်းအဝေးတစ်ခုမှာ မင်းအောင်လှိုင်အပေါ် မရိုးသားတဲ့ သဘောလား။ ဒါမှမဟုတ် ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ ကိစ္စကြောင့်လား။ မတ္တရာမှာရှိတဲ့ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း စီးနင်းတိုက်ခိုက်ခံရတဲ့ ကိစ္စကြောင့်လားတော့ မသိဘူး။ နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတာရှိတယ်"

ဗိုလ်ချုပ်ကြည်ခိုင်နဲ့အတူ သူ့ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတစ်ဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးတစ်ဦးတို့ ခေါ်ယူစစ်ဆေးခံနေရတာလို့ သူက ပြောပါတယ်။

ဇွန်လ ၁၉ ရက်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကမ္မရွာအနီးမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာတဲ့ ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။

ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီက ကနဦးသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်က ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ပြီး သူ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် ငါးကြိမ်ထက်မက နန်းတွင်းထဲမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ဆိုခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဒီပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

ဒီ့အပြင် ဇွန်လ ၂၅ ရက်ကစလို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း မတ္တရာမြို့နယ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေ ဆက်တိုက်ဆိုသလို စီးနင်းတိုက်ခိုက်ခံနေရပါတယ်။

ဒီဖြစ်ရပ်တွေနောက်ပိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ အရာရှိတချို့ကို ခေါ်ယူစစ်ဆေး နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။ ဒါနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဗိုလ်ချုပ်ကြည်ခိုင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ်ကနေ အလယ်ပိုင်းတိုင်းမှူးအဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စတင်တာဝန်ယူခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။