လောင်းလုံးမှာ စိတ်ရောဂါသည် အရပ်သားတစ်ဦး ပစ်သတ်ခံရ

RFA Burmese
2024.10.31
လောင်းလုံးမှာ စိတ်ရောဂါသည် အရပ်သားတစ်ဦး ပစ်သတ်ခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အဝင်တစ်နေရာကို ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ဆိုင်ကယ်မောင်းလာတဲ့ စိတ်ရောဂါသည်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

လဝကရုံးရှေ့က စစ်ကောင်စီဂိတ်ဖြတ်သွားချိန်မှာ ပစ်သတ်ခံရတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက RFA ကို ပြောပါတယ်။

"မနက် ၉ နာရီ ဝန်းကျင်လောက်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ မြို့ပေါ်က စစ်တပ်ဂိတ်ကို ဆိုင်ကယ်မောင်းဖြတ်တယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ အော်ပြီး ဖြတ်တယ်ပြောတယ်။ အဲဒီအချိန်မှာ ဂိတ်ထဲက လှမ်းပစ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်"

သေဆုံးသူ အမျိုးသားဟာ ကဘူရွာက အသက် ၃၀ ကျော်အရွယ် ကိုကျော်ခိုင်ဆိုသူဖြစ်ပြီး စိတ်ရောဂါရှိနေသူလို့လည်း ဆိုပါတယ်။

သူသေဆုံးပြီးနောက် စစ်ကောင်စီဂိတ်ထဲက တပ်သားခုနစ်ဦးထွက်လာပြီး သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝတ်စုံ ဝတ်ပေးပြီး ဓာတ်ပုံရိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကို လမ်းဘေးမှာပဲထားပြီး ညနေပိုင်းမှာ နာရေးကူညီရေးအဖွဲ့တွေက ထားဝယ်မြို့ပြည်သူ့ဆေးရုံကို ပို့လိုက်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကောင်စီဂိတ်မှာ တပ်သားဆယ်ယောက်ရှိပြီး ဖြတ်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ငွေတောင်းခံတာကြောင့် ဖြတ်သွားဖြတ်လာ မရှိသလောက်လို့လည်း ရဲဘော်ရှဲဒိုးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပစ်သတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တနင်္သာရီတိုင်းမှာ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။