မုံရွာမြို့နယ်မှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရတဲ့နေအိမ် အပစ်ခံရ၊ တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာမှာ ဇွန်လ ၂၃ ရက် မနေ့က စစ်ကောင်စီကို သတင်းပေးသူလို့ စွပ်စွဲခံထားရတဲ့ မိသားစုတစ်စုရဲ့နေအိမ်ကို မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စု ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ အသက်(၂၃) နှစ်အရွယ် သမီးဖြစ်သူ မသူသူငြိမ်း သေဆုံးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက် လယ်ဇင်ရွာကို စစ်သားတွေရောက်လာပြီး ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးရှာဖွေခဲ့တဲ့ အတွက် တစ်ရွာလုံးနီးပါး တိမ်းရှောင်နေကြရတယ်လို့ လယ်ဇင်ကျးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
“သမီးတစ်ယောက် ပစ်ခံလိုက်ရတယ်လို့ သိလိုက်ရတယ်။ အသေးစိတ်တော့မသိဘူး။ပစ်သွားတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ရွာကသူတွေလည်းမသိဘူး။ အဲဒါဖြစ်ပြီးပြီးချင်း စစ်သားတွေက မနေ့က ရွာပတ် လည်ကို စစ်ကြောင်းသုံးကြောင်းနဲ့ အင်အား ၁၅၀ လောက်က ခွဲဝင်လာတော့ အကုန်ထွက်ပြေးနေကြ ရတယ်။ ဒီနေ့လည်း နာရေးကို စစ်သားတွေလာမယ်ဆိုလို့ မပြန်ရဲကြဘူး”
မနေ့က စစ်သားတွေ ရွာကိုဝင်လာပြီးတဲ့နောက် လူနေအိမ် ရှစ်အိမ်ထက်မနည်း မွေနှောက်ဖျက်ဆီးခံရပြီး၊ ရွာကလူငယ်တွေ စုဝေးလေ့ရှိတဲ့ လ္ဘက်ရည်ဆိုင်နဲ့ ဈေးဆိုင်တွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မသူသူငြိမ်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ရွာသားအချို့ အဖမ်းခံလိုက်ရပေမယ့် တစ်ရွာလုံးနီးပါး ရှောင်တိမ်းနေ ရတာမို့ အရေအတွက် အတိအကျ မသိနိုင်သေးဘူးလို့ လယ်ဇင်ရွာဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာမှာ ဇွန်လ ၂၁ ရက်နေ့ကလည်း စာသင်ကျောင်း မီးလောင် မှုကြောင့် လူငယ်သုံးဦး အဖမ်းခံလိုက်ရပြီးတဲ့နောက်၊ အဲဒီအထဲက အသက်(၃၃)နှစ်အရွယ် ကိုဇေယျာလင်း ဟာ ၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။