ကရင်ပြည်နယ် မြဝတီမြို့ ဝေါလေခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲပြန်ဖြစ်နေ

2022.07.30
ကရင်ပြည်နယ် မြဝတီမြို့ ဝေါလေခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲပြန်ဖြစ်နေ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ထားသော မြဝတီ - ဝေါလေ လမ်းပိုင်းတစ်နေရာအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Cobra Column

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း ဝေါလေခရိုင်က ဥကရစ်ထစခန်းအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ကစပြီး ကော်သူးလေတပ်မတော် (KTLA) ရဲ့ Lion Battalion စစ်ကြောင်း၊ Venom စစ်ကြောင်းနဲ့ စစ်ကောင်စီတပ် တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဇူလိုင်လ ၂၉ ရက်မနေ့က ဥကရစ်ထစခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ မနက် ၇ နာရီ ကနေ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးတယ်လို့ KTLA ရဲ့ Lion Battalion စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း KTLA ဘက်ကတော့ ထိခိုက်သေဆုံးသူ မရှိသေးဘူးလို့ Lion Batta lion စစ်ကြောင်းက ဆိုပါတယ်။

ဒါ့အပြင် မြဝတီ - ဝေါလေ ကားလမ်းမမှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU/KNLA လက်အောက်ခံ Cobra စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ ဇူလိုင်လဆန်းကစပြီး တိုက်ပွဲ တွေ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

"နေ့တိုင်းဖြစ်နေတာ တောက်လျှောက်ပဲ သုံးထပ်ကွေ့မှာ။ ဥကရစ်ထကတော့ ဇူလိုင် ၂၈ ရက်လောက်က စဖြစ်တယ်။ ဖြစ်နေတာ တစ်နေကုန်ပဲ အခုထိဖြစ်နေတာ"

ဇူလိုင်လ ၂၈ ရက်နဲ့ ဇူလိုင် ၂၉ ရက်က သုံးထပ်ကွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခြေမြန် တပ်ရင်း (ခမရ - ၂) က ဗိုလ်ကြီးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သလို Cobra အဖွဲ့ဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ Cobra စစ်ကြောင်းက မနေ့က ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်း ကို KNU/KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြသလို အခုဇူလိုင်လ ၂၇ ရက်ကစပြီး တစ်ကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။