ကလေးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၁၇ ဦး သေဆုံး

2021.12.23
ကလေးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၁၇ ဦး သေဆုံး ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ၂၀၂၁ ဒီဇင်ဘာ ၂၃ ရက်က မီးရှို့ခဲ့စဉ်
Photo - Citizen Journalist
ကလေးမြို့၊ ချင်းဆိုင်ရွာသံလမ်းအနီးမှာ စစ်ကောင်စီစစ်ယာဥ်တန်း ငါးစီးကို ဒီဇင်ဘာ ၂၃ ရက် နေ့မနက်က UGF Kalay မြို့ပြပြောက်ကျားအဖွဲ့က မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို စစ်ကား လေးစီး ပျက်စီးသွားတယ်လို့ UGF Kalay အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
 
ဒေသခံ CNF၊ PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကူညီဖို့ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နဲ့ ခြေလျှင်တပ်ရင်း ၂၂၈ က အကူထွက်လာတဲ့ယာဥ်တန်းကို ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ကလေး PDF ခေါင်းဆောင်တစ်ယောက်က RFA ကို ပြောပါတယ်။ ဒဏ်ရာရစစ်သားတွေ ကို ကလေးမြို့ GTC ကျောင်းထဲမှာ ဆေးကုသနေတယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်မရရှိသေးပါဘူး။
 
ဒီဇင်ဘာ ၂၃ရက် မနက် ၁၀ နာရီမှာပဲ ကလေးမြို့နယ် နတ်ချောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကို ဒေသခံ ကလေး PDF၊ CNDF၊ CDFKKG နဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ် (ပကဖ ) လေးခု ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ကလေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်တွေက ညနေသုံးနာရီ လောက်မှာ ရဟတ်ယာဥ်နှစ်စီး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီလိုတိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိထားတာလောက် သာ သိရပြီးတော့ နှစ်ဖက်ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးလို့ ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီပစ်ခတ်တဲ့အတွက် အရပ်သားအမျိုးသမီးတစ်ဦး သေနတ်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ နတ်ချောင်းဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာလည်း စစ်ကောင် စီတပ်တွေက နတ်ချောင်းကျေးရွာအတွင်းက စာသင်ကျောင်းနဲ့ ကား နှစ်စီးကို သိမ်းဆည်းထားသလို ကျေးရွာ အတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ်ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဒေသခံ CNF အဖွဲ့နှင့် PDF အဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းတွင် CNF အဖွဲ့နှင့် PDF အင်အား ၃၀၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာမှာ CNF နဲ့ PDF အဖွဲ့တွေဟာ ကျေးရွာအနောက်ဘက်ကို ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်းနဲ့ CNF နဲ့ PDF အလောင်း ကိုးလောင်း၊ အာပီဂျီ တစ်လက်(ပျက်စီး)၊ လက်လုပ်မိုင်း တစ်လုံး၊ လျှပ်စစ် ဒီတိုနေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (မီတာ ၅၀ ပါ) လေးခွေတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။