ရွှေ့ပြောင်းလုပ်သားတွေ အရေး ဆွေးနွေး


2016.10.20
theinswe-620.JPG နေပြည်တော် Hilton ဟိုတယ်မှာ အောက်တိုဘာလ ၂ဝ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က Hilton ဟိုတယ်မှာကျင်းပတဲ့ နဝမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေးရဲ့ နိုင်ငံအဆင့် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးမြှင့်တင်ရေးအတွက် ဆောက်ရွက်ဖို့နဲ့ပတ်သက်ပြီး ဝန်ကြီးဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။

"ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးကို မြှင့်တင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်"

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းသာမက ပြည်ပက ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံသားတွေအတွက် ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်ပေးဖို့ စီးပွားရေးမူဝါဒမှာ ချမှတ်အကောင်အထည်ဖော်နေတယ် လို့လည်း ပြောပါတယ်။

ဒီနေ့အစည်းအဝေးဟာ ၂ဝ၁၅ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အဌမအကြိမ်မြောက် ရွှေ့ပြောင်းလုပ်သား အစည်းအဝေးက ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု အခြေအနေတွေကို ဆွေးနွေးတာဖြစ် ပါတယ်။

ဒီနေ့ အစည်းအဝေးကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာအလုပ်သမား အဖွဲ့ ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။