မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေကို စတင်ရုံးထုတ်စစ်ဆေး
2014.07.22

အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၃ ဦးနဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ M.D.C.F က ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင် တို့ကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ တရားရုံးမှာ စစ်ဆေးတာမရှိသေးဘဲ နောက်တစ်ကြိမ် ရုံးချိန်း အတွက် ရက်သတ်မှတ်ပေးခဲ့တယ်လို့ အမှုကိုလိုက် ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"အမှုအခြေအနေကတော့ ဒုတိယရမာန်ယူတဲ့ အခြေအနေပဲရှိသေးတယ်၊ ဒုတိယရမာန်ပြည့်တဲ့ ၄ ရက်နေ့ကျမှ သူတို့စွဲတင်မှာပါ၊ ဒီသတင်းတပ်ဖွဲ့က အရာရှိက တရားလိုလုပ်ပြီးတော့ အမှုစွဲဆိုခြင်းပဲဖြစ်တယ်၊ စွဲဆိုတာကတော့ ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံကိန်း ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (ည)နဲ့ စွဲတာ"
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုတဲ့ သတင်းကိုဖော်ပြခဲ့တာကြောင့် မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ကိုအောင်သန်း၊ ကိုဝင်းတင်နဲ့ ကိုရဲမင်းအောင်တို့ကို အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ဃ)၊ ၅ (ည) တို့နဲ့ ပန်းဆိုးတန်း သတင်းအထူးတပ်ဖွဲ့က ရဲမှူးထွန်းသိန်းက တရားလိုအဖြစ် တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စာရွက်တွေဝေခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု M.D.C.F က ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်ကိုလည်း အလားတူပုဒ်မတွေနဲ့ စွဲဆိုထားပြီး လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ ထပ်မံရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။