ကျောက်ထုတ်စခန်းတွေ ပိတ်သိမ်းဖို့ ပြည်ထဲရေး သုံးသပ်နေကြောင်း mnhrc ပြော


2018.05.28
winmya-mnhrc-622.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ ကို တွေ့ရစဉ်
.

ရဲဘက်စခန်းတွေက ကျောက်ထုတ်စခန်းတွေကို ပိတ်သိမ်းဖို့ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက သုံးသပ်ဆောင် ရွက်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ က ဒီနေ့ ပြောပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းရာမှာ ကော်မရှင် ဥက္ကဌ ဦးဝင်းမြ က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"ကျောက်ထုတ်အလုပ်စခန်းများ ပယ်ဖျက်ပိတ်သိမ်းရေးနဲ့ ပတ်သက်လို့ အမျိုးသမီးကျောက်ထုတ်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာ စာမျက်နှာ ၈၀ မှာ ဖော်ပြအကြံပြုထားပြီးဖြစ် ပါတယ်၊ အမျိုးသားကျောက်ထုတ်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိ ရပါတယ်"

ကျောက်ထုတ်စခန်းတွေမှာ လုပ်ကိုင်နေရတဲ့ အကျဉ်းသူတွေဟာ အလုပ်ဒဏ်ကြောင့် သားအိမ်ထိခိုက် မှုပြဿနာတွေကြောင့် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေ ရှိနေသလို အခြားအမျိုးသမီးရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးကုန်ထုတ်စခန်းတွေကို ပိတ်သိမ်းတာ ဒါမှမဟုတ် အကျဉ်းသူအစား အကျဉ်းသားတွေနဲ့ အစားထိုး ဖွင့်လှစ်နိုင်ရေး ပြောင်းလဲဆောင်ရွက်သင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အကျဉ်းထောင်တွေ၊ အကျဉ်းစခန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေရှိရင်လည်း ကော်မရှင်ကို တိုင်ကြားနိုင်တယ်လို့ ဦးဝင်းမြက ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ကော်မရှင်ရဲ့ စာတွေကို လုံးဝပြန်ကြားမှုမရှိတဲ့ ဌာနပေါင်း ၉ ခုရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ၅၃ ရာခိုင်နှုန်းပြန်ကြားတယ်လို့ ကော်မရှင်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။