ဝန်ကြီးနှစ်နေရာ အဆိုပြုထားသူတွေကို ဒေါက်တာအောင်မိုးညို ရုပ်သိမ်း
2018.02.26
လစ်လပ်နေတဲ့ မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုခံထားရသူ နှစ်ဦးစာရင်းကို တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးထံ စာပေးပို့တာဖြစ်ပြီး အခြေအနေ အရပ်ရပ်ကြောင့် စိတ်မကောင်းစွာနဲ့ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အကြောင်း တိုင်းဝန်ကြီးချုပ် ပေးပို့ထားတဲ့စာကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက ဖတ်ကြားပြီး ဒီကနေ့ လွှတ်တော်ကို ရပ်နားလိုက်ပါတယ်။
မူလက ဒီနေ့ကျင်းပမယ့်လွှတ်တော်မှာ အဆိုပြုခံထားရသူနှစ်ဦးကို ကန့်ကွက်မယ့်အဆိုတင်သွင်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်ထားတာဖြစ်ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းအစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနေရာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးနေရာတွေအတွက် အငြိမ်းစား တွဲဖက်ပညာရေးမှူး ဦးအောင်ကျော်မိုးနဲ့ အငြိမ်းစား ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးငွေ တို့ကို အဆိုတင်သွင်းထားတာဖြစ်ပါတယ်။ အဆိုပြုခံထားရသူနှစ်ဦးကို မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ထားတာဖြစ်ပါတယ်။