မြန်မာ့ သယံဇာတလုပ်ငန်း ပွင့်လင်းလာဖို့ မျှော်လင့်
2014.07.24
အရင်က သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမသိရတဲ့ မြန်မာနိုင်ငံဟာ အခုတော့ သယံဇာတထုတ်ယူတဲ့ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုတွေ ရှိလာရတော့မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာနေပြီလို့ သတ္တုမိုင်း ဂျာနယ်တစ်စောင်က ရေးသားပြောဆိုလိုက်ပါတယ်။
မက္ကစီကိုနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ "သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့" EITI အစည်းအဝေးကနေ မြန်မာနိုင်ငံကို အဖွဲ့ဝင် လောင်းလျာနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။
EITI အဖွဲ့ဝင် နိုင်ငံ ဖြစ်ရေးအတွက် အစိုးရက မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်မှု ပွင့်လင်းရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ အဲဒီအဖွဲ့မှာ သမ္မတရုံး ဝန်ကြီးဦးစိုးသိန်းက ဥက္ကဋ္ဌ၊ စက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ သစ်တော ဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အများစု အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရပါတယ်။
EITI အဖွဲ့ရဲ့ စည်းကမ်းချက်တွေအရ သဘာဝတွင်းထွက်သယံဇာတဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အစိုးရနှင့် ကုမ္ပဏီတွေ သဘောတူချက် ရရှိရုံမျှ နဲ့ ဆောင်ရွက်ခွင့်မရှိဘဲ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုက သဘောတူမှသာ လုပ်ငန်းဆောင်ရွက်ခွင့်ရှိကြောင်း ဂျာနယ်က ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရင် သဘာဝတွင်းထွက် သယံဇာတတူးဖော်ရေးလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာမယ်လို့ ဆိုပါတယ်။