အရောင်းမြှင့်တင်ရေးဝန်ထမ်း ၄၁ ဦး အလုပ်ထုတ်ခံရ


2018.01.02
mevis-mild7-622.jpg အလုပ်ထုတ်ခံရတဲ့ Mevius ဆေးလိပ်ကုမ္ပဏီက ဝန်ထမ်းတွေကို တွေ့ရစဉ်
Photo: MICS - TUsF - Myanmar Facebook

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က Mevius ဆေးလိပ်ကုမ္ပဏီမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်းအမျိုးသမီး ၄၁ ဦးကို ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ကနေထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။

ဒီဇင်ဘာလအတွက် လစာထုတ်ချိန်မှ အလုပ်ထုတ်ခံရတာကိုသိပြီး ဘာကြောင့်ထုတ်မှန်းမသိတာကြောင့် အလုပ်ထုတ်စာကို လက်မှတ်မထိုးပေးတဲ့အတွက် ဒီဇင်ဘာလအတွက် လစာမရရှိသေးဘူးလို့ အလုပ်ကနေ ထုတ်ပယ်ခံထားရတဲ့ မယဉ်မွန်အောင် က ပြောပါတယ်။

"၃၁ ရက်နေ့မှာ လစာသွားထုတ်တာ ဘာလို့လဲလို့မေးတော့ အလုပ်ထုတ်တာလေ နင်တို့ကိုတဲ့၊ မထွက်နိုင်ပါဘူး အပြစ်မရှိဘဲနဲ့လို့ပြောတော့ လစာမထုတ်ပေးနိုင်ဘူးတဲ့၊ နင်တို့လက်မှတ်ထိုးပေးမှ လစာထုတ်ပေးမှာတဲ့ အခုချိန်ထိ လစာလဲမထုတ်ရသေးဘူး ဘာမှလဲမယူခဲ့ဘူး အလုပ်မထွက်နိုင်တဲ့ အတွက်လေ"

Mevius ဆေးလိပ်ကုမ္ပဏီမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်း ၇၀ ကျော်ရှိပြီး အဲဒီထဲက ၄၁ ဦးကို အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အဲဒီလိုအလုပ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကုမ္ပဏီဘက်က ကိုယ်အလေးချိန်လျှော့ချဖို့ သတိပေးထားသူတွေဖြစ် တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ အဲဒီလိုသတိပေးပြော ဆိုတာကို မသိရှိရကြောင်းနဲ့ ထုတ်ပယ်ခံရသူတွေထဲမှာ ကိုယ်အလေးချိန်များသူတွေမရှိကြောင်း ပြောပါတယ်။

အလုပ်ထုတ်စာကို လက်မှတ်ရေးထိုးမှ ဒီဇင်ဘာလအတွက် လစာထုတ်ပေးတာဖြစ်ပြီး အလုပ်ထုတ်ခံထားရတဲ့ အရောင်းစာရေးတွေထဲက ၂၀ ကျော်ဟာ လက်မှတ်ရေးထိုးပြီး လစာနဲ့ နစ်နာကြေးငွေကို ရယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပယ်ခံရတဲ့သူတွေဟာ လုပ်သက် ၆ လကနေ ၃ နှစ်သက်တမ်းရှိသူတွေဖြစ်ပြီး လစာအနေနဲ့ ကျပ် ၂ သိန်းကျော်ကနေ ၃ သိန်းကျော်အထိ ရရှိကြသူတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။