ပြည်သူ့တော်လှန်ရေးမှာ ပါဝင်မယ်လို့ မန္တလေးကျောင်းသားသမဂ္ဂတွေ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက် ဒီကနေ့မှာ ကြေညာလိုက်တဲ့ ပြည်သူ့ တော်လှန်ရေးနေ့မှာ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ ၁၉ ဖွဲ့က ပါဝင်သွားမှာ ဖြစ်တယ်လို့ ဒီနေ့မနက်ပိုင်းမှာပဲ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းသားလူငယ်အားလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရရာလက်နက်နဲ့ ရတဲ့နေရာကနေ တော်လှန်မယ်လို့ မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဦးဆောင်သူတစ်ဦးက RFA ကိုပြောပါတယ်။
“ကျောင်းသား လူငယ်တွေ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ သွေးကြွေးမှာ ဆွေးစရာ မရှိတော့ဘူး၊ လူပေါင်း ၅၀၀၀ ကျော်ကို အကျဉ်းချထားတယ်၊ ၁၀၀၀ ကျော် သတ်ဖြတ်ခံထားရတယ်၊ ပြည်သူတွေမှာ တာဝန်ရှိတယ်” လို့ သမဂ္ဂဦးဆောင်သူတစ်ဦးက ဆိုပါတယ်။
မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ရဲ့ အရေးပေါ်ကြေညာချက်ထဲမှာ စစ်အုပ်စုရဲ့ ထောက်တိုင်တွေဖြိုဖျက်ချဖို့နဲ့ တတ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ ပါဝင်တော်လှန်ဖို့ တိုက်တွန်းတယ်လို့လည်း ပါဝင်ပါတယ်။
ဒီကနေ့ အရေးပေါ်ကြေညာလိုက်တဲ့ အဖွဲ့ ၁၉ ဖွဲ့ထဲမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)၊ မန္တလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတဲ့အဖွဲ့တွေလည်း ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်ဖို့ စက်တင်ဘာ ၇ ရက်နေ့ ဒီကနေ့စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။