ဖောက်ခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို MDY-PDF ခိုင်းစေကြောင်း စစ်ကောင်စီ စွပ်စွဲ

RFA Burmese
2025.02.19
ဖောက်ခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို MDY-PDF ခိုင်းစေကြောင်း စစ်ကောင်စီ စွပ်စွဲ ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိသည့်လက်နက်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားစဉ်။
Myanmar Military

မန္တလေးတိုင်းအတွင်း ၂ဝ၂၄ ခုနှစ်ကနေ အခုနှစ်အထိ လုပ်ကြံသတ်ဖြတ်မှု နဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်တစ်ဦးက ခိုင်းစေခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်က ရာအိမ်မှူး ဦးဝင်းဦး ပစ်သတ်ခံရတဲ့အမှုအပါအဝင် မန္တလေးတိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်သူ ခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်မှု ကိုးကြိမ် ကျူးလွန်ခဲ့သလို စစ်တပ်ပိုင် Mytel ရုံးကို ဖောက်ခွဲမှုတစ်ကြိမ်၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တစ်ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလုပ်ကြံမှုတွေနဲ့ ဖောက်ခွဲမှုတွေကို MDY-PDF တပ်ဖွဲ့ဝင် မင်းသန့်ကျော် (ခေါ်) ဝင်းထွန်း ဆိုသူက ခိုင်းစေတာဖြစ်ပြီး တစ်ကြိမ်ကို ငွေကျပ် ဆယ်သိန်းပေးကြောင်း ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုတယ်လို့စွပ်စွဲထားပါတယ်။

ဒီစွပ်စွဲချက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြောခွင့်ရသူ ကိုအော်စမွန်ကတော့ ငြင်းဆိုပါတယ်။

"MDY-PDF အနေနဲ့ ဒီဖြစ်စဉ်မျိုး လုပ်ဆောင်ခဲ့တာမရှိသလို ကျွန်တော်တို့ တပ်ဖွဲ့ဝင်များလည်း မဟုတ်ပါဘူး"

စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့အပါအဝင် အရပ်သားတချို့ကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးတိုင်းအတွင်း ပစ်ခတ်သတ်ဖြတ်မှုတွေကို MDY-PDF တပ်ဖွဲ့ဝင် မင်းသန့်ကျော် (ခေါ်) ဝင်းထွန်း ဆိုသူက ခိုင်းစေခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒီအမှုတွေနဲ့ဆက်စပ်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပြီး ပြည်သူတွေ သတင်းပေးတိုင်ကြားကြဖို့နဲ့ သတင်းပေးသူတွေကို ဆုငွေချီးမြှင့်သွားမယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။