မန္တလေးသံဃသမဂ္ဂ စစ်ကြောင်းက သံဃာငါးပါးနဲ့ လူပုဂ္ဂိုလ်သုံးဦး ထောင်သုံးနှစ်စီချခံရ

2022.07.09
မန္တလေးသံဃသမဂ္ဂ စစ်ကြောင်းက သံဃာငါးပါးနဲ့ လူပုဂ္ဂိုလ်သုံးဦး ထောင်သုံးနှစ်စီချခံရ မန္တလေးမြို့ အိုးဘိုထောင်တွင်း တရားရုံးမှ ထောင် သုံးနှစ်စီ ချမှတ်တာခံလိုက်ရသည့် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလသ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မ၊ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်၊ ကိုဝင်းမင်း တို့အား တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့က ဖမ်းဆီးခံ သံဃာငါးပါးနဲ့ လူပုဂ္ဂိုလ်သုံးဦးကို အိုးဘိုထောင်တွင်း တရားရုံး ကနေ ဇူလိုင်လ ၉ ရက် မနေ့က ထောင်သုံးနှစ်စီ ချလိုက်တယ်လို့ မန္တလေးသံဃသမဂ္ဂရဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

ထောင်ချခံရသူတွေကတော့ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလသ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မနဲ့ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်၊ ကိုဝင်းမင်းတို့ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က မန္တလေးမြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင် ရေး လှုပ်ရှားမှုလုပ်နေရင်း စစ်ကောင်စီတပ်သားတွေက ကားနဲ့တိုက်ဖြိုခွင်းပြီး ဖမ်းဆီးသွား တာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ (၁၅) ရက်ကြာ မန္တလေး နန်းတွင်းက စစ်ကြောရေးမှာ ဖြတ်သန်းခဲ့ရတယ်လို့ မန္တလေးသံဃသမဂ္ဂရဲ့ ဆရာတော်က RFA ကို မိန့်ပါတယ်။

အဲဒီနောက် အားလုံးကို အိုးဘိုထောင်မှာ ဖမ်းဆီးထားပြီး (၉) လအကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမိန့်ချခံလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ကြောရေး ငရဲခန်းတွေမှာ သူတို့ အရိုက်အနှက်၊ အထုအထောင်းတွေ ခံခဲ့ရတယ်။ ရိုက်နှက်ခံရတဲ့ ကိုယ်တော်လေးတွေဟာ မျက်ရည်ကျသည်အထိ ရှိခဲ့တယ်။ ဝဆစ် ပိတ်တွေနဲ့ ရိုက်တာတွေရှိတယ်။ အဲဒီထဲက တစ်ပါးကိုလည်း လိင်ပိုင်းဆိုင်ရာ ကျုးလွန် ဖို့အထိ ပြုကျင့်လာတယ်ပေါ့နော်။ အဲဒီအပေါ် သူတို့ကို လက်အုပ်ချီ ရှိခိုးတောင်းပန်ခဲ့ ရတာရှိတယ်"

အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာကို ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်သူမှန် သမျှကို ဖမ်းဆီးသွားဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

စစ်ကြောရေးမှာ ရိုက်နှစ်စစ်ဆေးခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ဖို့အထိ ပြုကျင့်တယ် ဆိုတဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် လက်ရှိအမိန့်ချခံထားရတဲ့ သံဃာငါးပါးနဲ့ ကျောင်းသားသုံးဦးတို့အနေနဲ့ စစ်ကောင် စီက ထောင်ဒဏ်ချတဲ့အပေါ် ဂရုစိုက်မှာမဟုတ်ဘဲ ထောင်ဒဏ်ကို ကျေကျေနပ်နပ် ဖြတ် သန်းသွားမယ့်အကြောင်း ထောင်တွင်းကနေ သတင်းစကား ပါးလိုက်တယ်လို့ မိန့်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကလည်း သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်ဖြစ်တဲ့ ဦးပညာသီဟ (ဆရာကင်း) ကို ပုဒ်မ ၅၀၅ (က) နဲ့ မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ထောင်သုံးနှစ် ချမှတ်ခဲ့သလို ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာတော်လည်း ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး ပျောက် ဆုံးနေတယ်လို့ မန္တလေးသံဃသမဂ္ဂထံက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။