မင်္ဂလာဈေးသစ် တည်ဆောက်ရေး ကိစ္စ မန္တလေးမှာ ဆန္ဒပြ


2016.06.30
mdy-protest-620.jpg မန္တလေးမြို့က မီးလောင်သွားခဲ့တဲ့မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ရာမှာ ဈေးသူဈေးသားတွေရဲ့ ဆန္ဒအတိုင်း သာ ဆောင်ရွက်ပေးဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဇွန်လ ၃ဝ ရက်နေ့က ဆန္ဒပြ တောင်းဆိုကြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့က မီးလောင်သွားခဲ့တဲ့ မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ရာမှာ ဈေးသူ ဈေးသားတွေရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွက်ပေးဖို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဈေးသူ ဈေးသားတွေ က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မင်္ဂလာဈေးသစ် ပြန်လည်ဆောက်လုပ်မယ်ဆိုရင် မူလအတိုင်းသာ ဆောက်လုပ်ပေးစေချင်တာဖြစ်တဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုမောင်က ပြောပါတယ်။

"အကယ်၍ မင်္ဂလာဈေးကို အသစ်တည်ဆောက်ခဲ့ရင်လည်း မူလနေရာ မူလအတိုင်း ပြန်လည်ရရှိမယ်လို့ အာမခံချက်ပေးလိုက်တယ်ဗျ၊ အဲ့ဒါက ၉ ရက် ၅ လမှာ မြို့တော်ဝန်က အာမခံချက်ပေးလိုက်တာ၊ ကျနော်တို့ ၁ဝ ရက် ၆ လမှာ မြို့တော်ဝန်က ဈေးသူဈေးသားအချို့နဲ့ တွေ့ဆုံတဲ့အချိန်မှာ ဒီဈေးကြီးကို အသစ်တည်ဆောက်မယ်၊ ၈ ထပ်ဆောက်ရင် ၅ ရာခိုင်နှုန်းသွင်းရမယ်၊ ၁ဝ ထပ်လောက်ဆောက်ရင် အလကားနီးပါးလောက်ရမယ်ပေါ့၊ သို့သော် ဆောက်တဲ့အချိန်ကျရင် အတွင်းထဲကို အလုံပိတ်လိုက်မယ်ဆိုတော့ အဲယားကွန်းစနစ်တွေလုပ်မယ် ဆိုတော့ ကျနော်တို့ မင်္ဂလာဈေးအနေနဲ့က ဘယ်လိုမှမဖြစ်ဘူးခင်ဗျ၊ မြို့တော်ဝန် ကတိကဝတ်အတိုင်းပဲ မူလနေရာမှာ မူလအတိုင်းပဲ ပြန်လည်ရရှိဖို့ တင်ပြတောင်းဆိုတာပါ"

ဆန္ဒပြဈေးသူဈေးသားတွေက ကော်မတီရဲ့အသစ်တည်ဆောက်မယ့် ခေတ်မီအဆောက်အုံကြောင့် မှုလ ဆိုင်ခန်းနေရာတွေအတိုင်း ပြန်လည်မရရှိတော့မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက မင်္ဂလာဈေးမီးလောင်တာရဲ့ တရားခံကို ဖော်ထုတ်ပေးဖို့၊ ဈေးအသစ် ပြန်လည် တည်ဆောက်ရာမှာလည်း ဈေးဆိုင်ခန်းတွေကို မူလနေရာ၊ မူလပုံစံအတိုင်း တည်ဆောက်ပေးဖို့နဲ့ ဈေးသူဈေးသားတွေရဲ့ ဆန္ဒအတိုင်းသာ အကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဈေးသူဈေးသားအချို့နဲ့ စည်ပင်ဝန်ထမ်းတွေအကြား အကြိမ်ကြိမ်ညှိနှိုင်းနေကြပေမယ့် အခုချိန်ထိ ပြေလည်မှုမရရှိသေးကြပါဘူး။

ဈေးသူဈေးသားတွေ တောင်းဆိုလာရင်တော့ နှုတ်ထွက်ပေးသွားမယ်လို့ မနေ့က ဇွန် ၂၉ ရက်နေ့ မင်္ဂလာဈေးနဲ့ ပတ်သက်ပြီး မီဒီယာနဲ့တွေ့ဆုံစဉ် မြို့တော်ဝန် ဒေါက်တာ ရဲလွင် က ပြောပါတယ်။

မင်္ဂလာဈေးဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုပမာဏ ကျပ် သိန်းပေါင်း တစ်သောင်းကျော်ရှိခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ပျံကျဈေးသည် ၂ဝဝ ကျော်အတွက် ယာယီဈေးနေရာကို မင်္ဂလာဈေးအနီးမှာ နေရာချ ထားပေးပြီး အတည်ဈေးသည် ၄ဝဝ ကျော်အတွက် ၃၅ လမ်းပေါ်က မဟာနွယ်စဉ် အားကစားကွင်းမှာ ယာယီဈေးဆောက်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။