သိမ်းဆည်းလယ်ယာမြေကိစ္စ လယ်သမားကိုယ်စားလှယ်တွေနဲ့ မန္တလေးတိုင်းအစိုးရ ဆွေးနွေး
2017.02.28

မန္တလေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တောင်သူလယ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တောင်သူလယ်သမား ကိုယ်စားလှယ်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တောင်သူတွေ ဖိနှိပ်ခံနေရတာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့တယ်လို့ မန္တလေး တိုင်းအစိုးရအဖွဲ့နဲ့ ဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ တောင်သူလယ်သမားများ ဖံ့ွဖြိုးတိုးတက်ရေး ပဋိပက္ခဖြေရှင်းရေး နဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ က ဦးစိုးဌေး က ပြောပါတယ်။
"တောင်သူလယ်သမားတွေဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ဆုံးတောင်သူလယ်သမားတွေ မတရားဖိနှိပ်ခံနေရတာတွေကို ရပ်တန့်သွားဖို့ ကျနော်တို့တောင်းဆိုတာပါ"
တိုင်းအစိုးရဘက်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော် မတီရဲ့ မြေယာစိစစ်မှုလုပ်ငန်းတွေမှာ တရားဝင်ပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းမှုအရ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ ဖြစ်ပွားနေ တဲ့ နိုင်ငံတော်စီမံကိန်းမြေနေရာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ မြေနေရာတွေကို ကနဦးပူးပေါင်းဖြေရှင်းသွားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့လည်း တောင်သူလယ်သမားကိုယ်စားလှယ်တွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က မန္တလေးမြို့မှာ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေတာတွေနဲ့ ဖမ်းဆီးထောင်ချခံနေရသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် တောင်သူ တစ်ထောင်ကျော် ဆန္ဒထုတ်ဖော် ခဲ့တဲ့အတွက် တိုင်းအစိုးရအဖွဲ့နဲ့ တောင်သူကိုယ်စားလှယ်တွေ အခုလိုတွေ့ဆုံဆွေးနွေးနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။