မောင်သွေးချွန် ကို ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်
2018.10.08
အမျိုးသားရေး စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ)နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၂ ဦးဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဟာ မှေးမှိန်နေရတယ်ဆိုပြီး မင်းကင်းမြို့နယ်မှာ မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုမှာ မောင်သွေးချွန် က ဟောပြောခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မနဲ့ မင်းကင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာ ခရစ်ယာန်တွေ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူးလို့ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
မောင်သွေးချွန်ဟာ နိုင်ငံတော်အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာထားတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့မှာ ဦးဆောင်ပါဝင်သူ ဖြစ်သလို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တဲ့ မျိုးချစ်ညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။