မောင်တောမှာ ဥပဒေနဲ့ မညီဘဲ နိုင်ငံသားပြုခွင့်ပေးသူ ၃၅ ဦးရှိကြောင်း ဒေသခံတွေ တင်ပြ
2017.02.25

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ၁၉၈၂ ခုနှစ် ဥပဒေနဲ့မကိုက်ညီဘဲ နိုင်ငံ သားပြုခွင့်ပေးနေတယ်ဆိုပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်နေတာကြောင့် သွားရောက်စစ်ဆေးတဲ့ ကြားနာစစ်ဆေးရေးအဖွဲ့ဟာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
မောင်တောမြို့နယ်အတွင်း ၁၉၈၂ ဥပဒေနဲ့ မကိုက်ညီဘဲ နိုင်ငံသားပြုခွင့်ပေးခဲ့သူ ၃၅ ဦးရှိနေပြီလို့ ဒေသခံတွေ ကပြောကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။
"မောင်တောသာသနာ့ဗိမာန်မှာ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့တယ်။ ဒါတစ်ခုပဲရှိသေးတယ်ဗျ။ ပြောတာ ကတော့ အဲ တရားမဝင် ၈၂ ဥပဒေနဲ့မကိုက်ဘဲနဲ့ နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်ထုတ်ပေးနေ တာ မောင်တောဆိုရင် ၃၅ ယောက်တောင်ရှိပြီ။ သူတို့က ဘယ်လိုထုတ်ပေးနေတယ်ဆိုတာ သူတို့က မပြောဘူး။ သူတို့ပေးချင်သလိုပေး လုပ်ချင်သလိုလုပ်လို့ မရဘူးလေဗျာ။ မြန်မာနိုင်ငံမှာ ဟုတ်တယ် မလား ခုက စည်းပေါက်နေသလိုဖြစ်နေတယ်ဗျ"
ပြည်နယ်လွှတ်တော် ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားနာစစ်ဆေးရေး အဖွဲ့ကို စေလွှတ်ပြီး အစီရင်ခံ စာရေးသားတင်ပြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
ကြားနာစစ်ဆေးရေးအဖွဲ့ဟာ ဒီနေ့ညနေမှာ ဘူးသီးတောင်မြို့နယ်က အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မနက်ဖြန်မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် ၂ ခုလုံးက နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးအဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးရေးအဖွဲ့ကို ဘူးသီးတောင်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ခေါင်းဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။
မြို့နယ်အသီးသီးက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး အဖွဲ့တွေမှာ ဒေသခံတွေ ပါဝင်ခွင့် မရတဲ့အပေါ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက ကျေနပ်မှုမရှိကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်အမျိုးသားပါတီကလည်း ဒီနေ့ရက်စွဲနဲ့ ၁၉၈၂ ခုနှစ်ဥပဒေနဲ့မကိုက်ညီဘဲ နိုင်ငံသားပြုခွင့် ကတ်ပြား ထုတ်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ဥပဒေနဲ့မညီဘဲ နိုင်ငံသား ဆိုင်ရာဆောင်ရွက်နေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။