မောင်တောခရိုင်က တရားမဝင် အဆောက်အဦးတွေ စိစစ် ဖို့ ကော်မတီဖွဲ့စည်း
2016.09.24

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေကို စိစစ်ဖို့အတွက် ပြည်နယ် အဆင့်အစိုးရ အရာရှိတွေ ပါဝင်တဲ့ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောပါတယ်။
မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ပြောခဲ့တာဖြစ် ပါတယ်။
"ဖွဲ့စည်းထားတဲ့ ဒီကော်မတီတွေဟာ အချက်အလက်တွေဟာ အကြမ်းမျဉ်းဖြစ်တဲ့အတွက် အချက်အလက်တွေကို စိစစ်ဖို့လိုအပ်ပါတယ်၊ စီစစ်တဲ့အခါမှာလည်း သူ့ဧရိယာအလိုက် ပါဝင်ပတ်သက်တဲ့ဌာနများက တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ဒီလိုစီစစ်ချက်များကို ကျနော်တို့ကော်မတီကို တင်ပြရမှာဖြစ်ပါတယ်"
တရားမဝင် အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး မြို့နယ်၊ ခရိုင်အဆင့်ကော်မတီတွေရဲ့ တင်ပြချက်တွေ အပေါ်မှာ ပြည်နယ်အဆင့် ကော်မတီကတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးထိန်လင်း က ပြောပါတယ်။
လက်ရှိစာရင်းတွေအရ မောင်တောခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဗလီ ၁၂ လုံး၊ အာရ်ဗီကျောင်း ၃၅ ကျောင်း၊ လူနေအိမ် ၂၅ဝဝ ကျော်၊ ဈေးဆိုင် ၆ဝဝ ကျော်နဲ့ အခြားအဆောက်အဦး ၁၇ဝ ကျော် ၊ စုစုပေါင်း တရားမဝင်အဆောက်အဦး ၃၃ဝဝ ကျော်ရှိပါတယ်။
အဲဒီအဆောက်အဦးတွေကို စိစစ်ပြီး တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးထိန်လင်း က ပြောပါတယ်။
မောင်တောခရိုင်အတွင်း ရပ်ကွက်ပေါင်း ၁၈ ခုနဲ့ ကျေးရွာပေါင်း ၉ဝဝ ကျော်မှာရှိတဲ့ အဆောက်အဦးတွေကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။