မောင်တောမှာ ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်


2019.06.13
maungtaw-curfew-622.jpg မောင်တောမြို့မှာ ညမထွက်ရအမိန့်ကို သက်တမ်းတိုးကြောင်း လိုက်လံကြော်ငြာစဉ်
Photo: Min Saw Min

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဇွန် ၁၁ ကစပြီး နောက်ထပ် နှစ်လ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေ အေးချမ်းစွာနေထိုင်ရေးအတွက် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို သက်တမ်းတိုးအနေနဲ့ ဆက်ပြီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာလည်း တရားဥပဒေစိုးမိုးဖို့၊ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေက ဥပဒေနဲ့အညီ ဆက်ဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို သက်တမ်းတိုး ဆက်လက်ထုတ်ပြန်တာလို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကိုပြောပါတယ်။

မောင်တောမြို့နယ်အတွင်းက လမ်းမကြီးတွေ၊ အများပြည်သူသွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား ဥယျာဉ်၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာ ဗလီ၊ ကျောင်းတွေမှာ ၅ ဦး ဒါမှမဟုတ် ၅ ဦး ထက်ပိုပြီး စုဝေးတာမျိုး မပြုလုပ်ဖို့ ည ၁၀ နာရီကနေ နောက်ရက် မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ  ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရင်က ထုတ်ပြန်ထားတဲ့ ည ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့်ကို အချိန်လျှော့ပြီး အခုလက်ရှိမှာ ည၁၀ နာရီကနေ မနက် ၅ နာရီအချိန်ကို ပြောင်းလဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။