မအူပင်မြို့နယ်က လယ်သမားတွေ ချီတက်ဆန္ဒပြ

2018.12.26
maubin-farmers-protest-622.jpg မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက တောင်သူတွေ မအူပင်မြို့ပေါ်မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့စဉ်
Photo: Kyaw Zaw Win/RFA

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက မြေလွတ်မြေရိုင်းနဲ့ လယ်မြေဧက ၅၅၀ မှာ အော့ချက် ( Orchard) ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီကို ဆက်လက် လုပ်ကိုင်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကျေနပ်မှုမရှိတဲ့ လယ်သမား ၁၀၀ ကျော်ဟာ မအူပင်မြို့ပေါ်မှာ ဒီကနေ့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီမြေလွတ်မြေရိုင်းနဲ့ လယ်မြေတွေကို အရင် နအဖ စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်မှာ မြေလွတ် မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ကနေ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြင့်စိန်ပိုင် အော့ချက်ကုမ္ပဏီကို နှစ် ၃၀ လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြတဲ့ ဒေသခံလယ်သမားတွေကတော့ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာခဲ့တဲ့ အဲဒီနေရာအတွက် လျော်ကြေးပေးခဲ့တာမရှိဘူးလို့ ပြောပါတယ်။

အော့ချက်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ မြင့်စိန်က သူလုပ်ပိုင်ခွင့်ရထားတဲ့ ဧက ၁၀၀၀ ထဲက ၄၅၀ ကို ဒေသခံလယ်သမားတွေကို ပြန်ပေးခဲ့ပြီးဖြစ်သလို ပြောင်းရွှေ့ကြေးအဖြစ်လည်း သိန်း ၂၆၀ ကျော်ကို ပေးခဲ့ပြီးဖြစ်တယ်လို့ စာချုပ်စာတမ်းတွေနဲ့  ပြန်လည်ရှင်းပြခဲ့ပါတယ်။

လယ်သမားတွေကတော့ အဲဒီ ဧက ၅၅၀ အပေါ်မှာ ဘိုးဘွားပိုင်အဖြစ် လုပ်ကိုင်လာကြတာဖြစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုပြေစာတွေကို ၂၀၀၂ ခုနှစ်က ရပ်ရွာအုပ်ချုပ်ရေးမှူးက ပြန်လဲလှယ်ပေးမယ်ဆိုပြီး သိမ်းဆည်းသွားတဲ့အတွက် လက်ရှိမှာပိုင်ဆိုင်မှုပြေစာတွေ မရှိတော့ဘူးလို့ ပြောပါတယ်။

အဲဒီလယ်ယာမြေ ပြဿနာနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်မှာ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာက သိမ်းဆည်းခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို ဒေသခံလယ်သမားတွေလည်း သေနတ်ဒဏ်ရာအပါအဝင် ထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားတဲ့ အော့ချက်ကုမ္ပဏီကိုပဲ ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ပေးလိုက်တဲ့အတွက် အဲဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဒေသခံလယ်သမား ၁၀၀ ကျော်ဟာ မအူပင်မြို့ထဲမှာ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။

သူတို့ မြေသိမ်းခံရစဉ်က နစ်နာကြေး တစ်စုံတစ်ရာ ရယူခဲ့တာမရှိသလို မိဘဘိုးဘွားပိုင် လယ်ယာမြေကို ဆက်လက်လုပ်ကိုင်လိုတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက လယ်သမားတစ်ဦးဖြစ်တဲ့ ကိုငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ သမ္မတကြီးကို သိစေချင်တာက မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာဖြစ်နေတဲ့ အော့ချက်ကုမ္ပဏီနဲ့ဖြစ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုကို အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ ဒါမှလည်း ကျနော်တို့လယ်သမားတွေ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ရမှာဖြစ်တဲ့အတွက် သမ္မတကြီးရော ဒေါ်အောင်ဆန်းစုကြည်ကိုရော သိစေချင်ပါတယ်။ လျော်ကြေး နစ်နာကြေးမပေးခဲ့ဘူး။ မတရားသဖြင့်သိမ်းခဲ့တာပါ။ ကျနော်တို့ ဧက ၂၅၊ ၃၀ ရှိတဲ့ လယ်သမားတွေကို နစ်နာကြေးဆိုပြီး ပိုက်ဆံ ၅ သောင်းလာပေးတယ် ခုတ်ထွင်ရှင်းလင်းခ။ လယ်သမားတွေက မယူဘူး။ မယူရင် အာဏာဖီဆန်တာဆိုပြီး ဥပဒေအရ အရေးယူမှာဆိုပြီး လုပ်ခဲ့တယ်။ ဟိုးတုန်းကတည်းက အာဏာပိုင်ခေတ်ကတည်းက ကျနော်တို့ကို စိုးမိုးခဲ့တဲ့အတွက် အခုချိန်မှာတော့ ကျနော်တို့ လယ်သမားတွေက ဘိုးဘွားပိုင်မြေတွေကို ဆက်လက်ဖော်ထုတ်သွားမှာပါ”

အော့ချက်ကုမ္ပဏီရဲ့ မန်နေဂျင်းဒရိုက်တာ ဒေါက်တာ မြင့်စိန်ကတော့ သူလုပ်ပိုင်ခွင့်ရထားတဲ့ ဧက ၁၀၀၀ ထဲက ၄၅၀ ကို ဒေသခံလယ်သမားတွေကို ပြန်ပေးခဲ့ပြီးဖြစ်သလို လျော်ကြေးအဖြစ်လည်း သိန်း ၂၆၀ ကျော်ကို ပေးခဲ့ပြီးဖြစ်တယ်လို့ စာချုပ်စာတမ်းတွေနဲ့  ပြန်လည်ရှင်းပြထားပါတယ်။

အဲဒီမြေလွတ်မြေရိုင်းနဲ့ လယ်မြေတွေကို အရင် နအဖအစိုးရလက်ထက် ၁၉၉၉ ခုနှစ်မှာ မြေလွတ် မြေလပ်နှင့်် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့ကနေ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်စိန်ပိုင် အော့ချက်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တာပါ။

အောချက်ကုမ္ပဏီပိုင်ရှင် ဒေါက်တာမြင့်စိန်က သူလုပ်ပိုင်ခွင့်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ပထမဆုံးစပေးတာက မြေလွတ် မြေလပ်မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီကပေးတာ။ ပေးတဲ့အချိန်က လုပ်ကိုင်ခွင့်ပဲ။ ပေးတာလည်း တရားဝင်ပေးထားတာ။ အဲဒါက ၉၉။ အဲ့တော့ ၂၀၀၃ ခုနှစ်မှာ ကန်တူးခွင့်က တိုင်းကနေ ခရိုင်ကို ပေးတယ်။ ခရိုင်ကနေ ကျနော့်ဆီကို ပေးတယ်။ ကျနော်က ၂၀၀၄ မှာ အပြီးတူးတယ်။ တူးပြီးသွားတဲ့အခါမှာ နှစ် ၃၀ ဂရံ၊ ဒေါက်တာမြင့်စိန် ဒေါ်သင်းသင်းစိန်ကို လုပ်ပိုင်ခွင့်ပေးတယ်။ အဲဒါက ၇ ရက် ၃ လ ၂၀၀၇ ခုနှစ်မှာ ပေးလိုက်တာ”

လယ်သမားတွေကတော့ အဲဒီ ဧက ၅၅၀ အပေါ်မှာ ဘိုးဘွားပိုင်အဖြစ် လုပ်ကိုင်လာကြတာဖြစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုပြေစာတွေကို ၂၀၀၂ ခုနှစ်က ရပ်ရွာအုပ်ချုပ်ရေးမှူးမှ ပြန်လဲလှယ်ပေးမယ်ဆိုပြီး သိမ်းဆည်းသွားတဲ့အတွက် လက်ရှိမှာပိုင်ဆိုင်မှုပြေစာတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဘက်က မန်နေဂျင်းဒရိုက်တာ ဒေါက်တာ မြင့်စိန်က ငါးမွေးမြူးလုပ်ကိုင်နေတယ်လို့ ပြောပေမယ့် ဒေသခံတွေကတော့ ဘာမှမလုပ်ကိုင်ဘူးလို့ ပလောင်ကျေးရွာက ဒေါ်ပြူးစိန်က ပြောပါတယ်။

“အော့ချက်ကုမ္ပဏီဆိုတာက ဘာမှလုပ်လည်း မလုပ်ထားဘူးနော်။ အဖွဲ့အစည်းတွေ အားလုံးသိတယ်။ ဒီမြို့နယ်က အားလုံးသိတယ်။ ကိုင်းတော၊ မြက်တော၊ ချုံတွေချည်းပဲရှိတယ်။ အဲဒါကို ငါးမွေးကန်ပါလို့ ဘယ်လိုယုံရမလဲ။ အဲလိုတွေရှိတယ်။ သူ ဘယ်လိုပဲလိမ်လိမ် နိုင်ငံတော်အစိုးရက မသိလို့ ကျမတို့က အခုဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်”

ဒေသခံလယ်သမားတွေကတော့ လက်ရှိအချိန်အထိ အဲဒီနေရာမှာပဲ လယ်ယာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ဖယ်ရှားပေးဖို့လည်း အစီအစဉ်မရှိသလို အတင်းအကျပ်ဖယ်ရှားခိုင်းခဲ့ရင်လည်း ပဋိပက္ခဖြစ်စဉ်တွေ ထပ်ဖြစ်နိုင်လာတယ်လို့ ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြန်လည်ကွင်းဆင်းစစ်ဆေးပေးဖို့ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေထံကိုလည်း အဆင့်ဆင့်တင်ပြထားတယ်လို့ သိရပါတယ်။

အဲဒီမြေနေရာကို ကုမ္ပဏီဘက်က ငါးမွေးမြူရေးဆက်လက် လုပ်ကိုင်သွားမှာဖြစ်သလို လယ်သမားတွေကလည်း အဲဒီမြေနေရာဟာ သူတို့မြေနေရာဖြစ်တဲ့အတွက် ဖယ်ပေးမှာမဟုတ်ဘဲ လယ်လုပ်ငန်းဆက်လက် လုပ်ကိုင်သွားမယ်လို့ ပြောကြပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုသန့်ဇင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။