ကာယအားကစားမယ် မသဲစု ကာယနည်းပြဖြစ်လာ
2023.06.27
ရန်ကုန်အနောက်ဘက်ကမ်း ဒလမြို့နယ် ကျူးကျော်ရပ်ကွက်မှာနေရင်း ဆင်းရဲနွမ်းပါးတဲ့ဘဝကနေ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တဲ့ ကာယအားကစားမယ် မသဲစုကို မင်္ဂလာဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုယ်ကာယအလှအပ အကသင်တန်း လက်ထောက်နည်းပြ တာဝန်ပေးလိုက်တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ပေါ်ပြူလာသတင်းမှာ ဖော်ပြထားပါတယ်။
မင်္ဂလာဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရဲ့ ကိုယ်ကာယကျန်းမာရေးနဲ့အကသင်တန်း၊ Zumba သင်တန်းတွေအတွက် အကူ နည်းပြတာဝန်ပေးခဲ့တာလို့ သိရပါတယ်။ လစဉ်ထောက်ပံ့ကြေးရဖို့လည်း ကူညီနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ထပ်အားကစားပွဲတွေမှာ ဆုတံဆိပ်တွေ ထပ်ယူနိုင်ဖို့လည်း နိုင်ငံတော်အဆင့် လေ့ကျင့်သင်ကြားတာတွေ ဆက်လုပ်ပေးနေပြီလို့ ဆိုပါတယ်။
"နည်းပြဆရာမကို ကူညီသင်ကြားပေးတာပါ။ ခုနစ်လပိုင်းမှာတော့ သီးသန့်သင်တန်း ပို့ချဖို့ရှိပါတယ်"လို့ ကာယကံရှင် မသဲစုက RFA ကို ဖြေကြားပါတယ်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်က ကျူးကျော်အိမ်လေးမှာနေထိုင်ရင်း နိုင်ငံဂုဏ်ဆောင်ဆုတံဆိပ်တွေ ယူခဲ့တဲ့ မသဲစုအကြောင်းကို RFA က ဇွန်လ ၁၃ ရက်နေ့မှာ ရုပ်သံထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကာယအားကစားမယ် မသဲစုဟာ ၂ဝ၁၉ ခုနှစ် တစ်နှစ်အတွင်းမှာတင် အရှေ့တောင်အာရှအဆင့်မှာ ပထမဆု၊ အာရှအဆင့်မှာ ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆုနဲ့ ကမ္ဘာ့အဆင့်မှာ တတိယဆု ရရှိခဲ့ပါတယ်။
မသဲစုအကြောင်းကို RFA က ထုတ်လွှင့်ခဲ့ပြီးနောက် သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့သလို ၊ သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်မှာ လူသိများထင်ရှားသူတွေ၊ စေတနာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း နေအိမ်ကိုသွားပြီး ဂုဏ်ပြုချီးမြှင့်ခဲ့တာတွေရှိပါတယ်။
အဲဒီနောက် မသဲစုဟာ စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်စစ်တပ်၊ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ မေးမြန်းစောင့်ကြည့်တာလည်း ခံခဲ့ရပါသေးတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အာဏာပိုင်တွေဘက်က တရားဝင်ကူညီလာတာဖြစ်ပါတယ်။