မြန်မာနိုင်ငံအတွက် ရန်ပုံငွေရုပ်ရှင်ပွဲ အမေရိကန်အရှေ့ခြမ်းမှာ ပြသ

RFA Burmese
2024.10.13
မြန်မာနိုင်ငံအတွက် ရန်ပုံငွေရုပ်ရှင်ပွဲ အမေရိကန်အရှေ့ခြမ်းမှာ ပြသ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည်နယ်တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က ပြသခဲ့သည့် နေသာတဲ့နေ့ တေးသရုပ်ဖော်ရုပ်ရှင်တွင် ပါဝင်ကြသူများ။
Photo: RFA

မြန်မာနိုင်ငံကို လူသားချင်းစာနာရေး အကူအညီပေးဖို့ ဒါရိုက်တာ ဦးသက်ဝင်းရိုက်ကူးပြီး အကယ်ဒမီ မေဝင်းမောင် ပါဝင်သရုပ်ဆောင်တဲ့ နေသာတဲ့နေ့ တေးသရုပ်ဖော်ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည်နယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က ပြသခဲ့ပါတယ်။

အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာ ၂ဝ၂၂ ခုနှစ်က နေသာတဲ့နေ့ တေးသရုပ်ဖော်ပြဇာတ် တင်ဆက်ခဲ့ပါတယ်။ ဒီပွဲတချို့က ဗွီဒီယိုမှတ်တမ်းတွေကို ပေါင်းစပ်တည်းဖြတ်ပြီးတဲ့နောက် ရုပ်ရှင်ကားအဖြစ် ဖန်တီးပြီး အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာကို လှည့်လည်ပြသတာလို့ ဒါရိုက်တာ ဦးသက်ဝင်းက ပြောပါတယ်။

ဒီရုပ်ရှင်ကို မေရီလန်းပြည်နယ် Howard Community College မှာ နေ့လယ် ၁ နာရီမှာ တစ်ပွဲနဲ့ ညနေ ၅ နာရီမှာ အထူးပွဲကျင်းပပြီး ပြသခဲ့ပါတယ်။

ညနေပွဲကို မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် ဒေါက်တာ Clarance Lam၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ NUG နိုင်ငံခြားရေး ဒု- ဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ပြီး မြန်မာ့အရေး ဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ စစ်အာဏာရှင်တော်လှန်ရေးဈေးရောင်းပွဲလည်း ပါဝင်ပြီး ရရှိတဲ့ ရန်ပုံငွေကို ကွယ်လွန်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့သား ဒေါက်တာ ဉာဏ်ဝေဖြိုး တည်ထောင်တဲ့ Chindwin medical and humanitarian network က တစ်ဆင့် လိုအပ်တဲ့ နေရာတွေကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။