နှစ် ၇၀ပြည့် အာဇာနည်နေ့ အခမ်း အနားတွေ ကျင်းပ
2017.07.19

ဒီနေ့ ကျရောက်တဲ့ နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ ကျင်းပကြပါတယ်။
ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ် သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ခေါင်းဆောင်မိသားစုဝင်တွေ တက်ရောက်ဂါရဝပြုခဲ့သလို ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဌတွေလည်း တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြခံရတဲ့အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဥသြဆွဲပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ခဲ့ကြပါတယ်။
မနက်ပိုင်းမှာ အာဇာနည်ခေါင်းဆောင်မိသားစုဝင်တွေ၊ နိုင်ငံတော်အစိုးရအကြီးအကဲတွေ ဂါရဝပြုပြီးနောက် ပြည် သူတွေကို ဝင်ရောက်ဂါရဝပြုခွင့် ပေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမမှာ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်နဲ့ ဆရာတော် သံဃာတွေကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လည်း အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး တက်ရောက်ခဲ့ပါတယ်။
ရန်ကုန်မြို့က အတွင်းဝန်ရုံးအတွင်း အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြံခံရချိန်မှာ ကျန်ရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ အစည်းအဝေးကျင်းပခဲ့တဲ့နေရာကို အများပြည်သူလေ့လာကြည့်ရှုနိုင်အောင် ဒီနေ့မနက်ပိုင်းကစပြီး ၃ ရက်ကြာမှာ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။