တိုက်ပွဲကြောင့် မန်စီဒေသခံ နှစ်ထောင်ကျော် ထွက်ပြေး
2013.11.19

ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် ကချင်လူမှုကူညီရေးအဖွဲ့၇ ဖွဲ့က ကြေညာချက် တစ်စောင်ကို မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်ကြေငြာပါတယ်။
မန်စီမြို့နယ် နမ့်လင်းပါကျေးရွာနဲ့ အဲဒီရွာမှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်းအနီးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာဒေသ ခံတွေ နေရပ်ကိုစွန့်ခွာ ထွက်ပြေးနေကြတာပါ။
အဲဒီ ဒေသခံပြည်သူ နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအပြင် နေထိုင်ဖို့တဲအိမ်တွေနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားတဲ့အဖွဲ့ ၇ဖွဲ့ထဲက မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုသက်နောင်က ပြောပါတယ်။
“အခုလောလောဆယ်က ထွက်ပြေးနေတဲ့ ကျေးရွာဒေသခံတွေကို မထိခိုက်အောင် ကျနော်တို့ ပြည်တွင်းအဖွဲ့အစည်းတွေက ညှိနှိုင်းပြီးတော့ ပို့ဆောင်ပေးနေတဲ့ အပိုင်းလေးတွေရှိပါတယ်၊ ပြီးတဲ့အခါမှာ လိုအပ်နေတဲ့ရိက္ခာလေးတွေ၊ အခုက ဆောင်းရာသီရောက်နေတော့ သူတို့အနွေးထည် အခက်အခဲလေးတွေ ရှိနေကြတယ်ပေါ့၊ ပြေးလွှားနေရတယ်ဆိုတော့ အဝတ်အစားတွေက အကုန်ယူမလာနိုင်ခဲ့တော့ အဲဒီ့အတွက် ပံ့ပိုးမှုလေးတွေကို ကျနော်တို့အဖွဲ့အစည်းက ညှိနှိုင်းပြီးတော့လုပ်ဆောင်နေတယ်”
ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာဘက်ကို ထွက်ပြေးနေကြသူတွေလည်းရှိသလို မန်းခေါင်ကျေးရွာက ဒုက္ခသည်စခန်းမှာလည်း တချို့လာရောက်ခိုလှုံနေကြတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို စစ်ဘေးဒုက္ခသည်တွေကို ကချင်နှစ်ခြင်းခရစ်ယာန်အသင်း၊ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့စတဲ့ ပြည်တွင်းအခြေစိုက် ကချင်လူမှုကူညီရေးအဖွဲ့၇ ဖွဲ့က ပူးပေါင်းကူညီပေးနေတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ကိုလည်း အဲဒီအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။