ရှမ်းနီ ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရသစ်ကို တောင်းဆိုမည်


2016.03.26
red-shan-conference-620.jpg ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကကျင်းပတဲ့ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံကို တွေ့ရစဉ်။
Photo: Sai Chit

ရှမ်းနီတိုင်းရင်းသားတွေကို ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်ပေးဖို့နဲ့ ရှမ်းနီ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးဖို့ လာမယ့်အစိုးရသစ် လက်ထက်မှာ တောင်းဆိုသွားမယ်လို့ ရှမ်းနီတိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြား ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ရှမ်းနီအမျိုးသားညီလာခံကနေ တောင်းဆိုလိုက် တာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းခေါင်က ပြောပါတယ်။

"မန္တလေးတိုင်း ရှမ်းဝန်ကြီးကလည်း တင်ပြပေးမယ်တဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည် သိအောင်လို့တင်ပြပေးမယ်ဆိုပြီး သူ့အနေနဲ့အဖွင့် အမှာစကား ပြောကြားပေးသွားတဲ့အခါ ပါပါတယ်၊ ကိုယ့်ပြည် ကိုယ့်မြေ သမိုင်းအစဉ်အစဉ်အလာလည်း အကုန်လုံးရှိတယ်၊ ကိုယ်ပိုင်ယဉ်ကျေးမှု စာပေတွေအကုန်လုံးရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့လူမျိုးကို ကျနော်တို့က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့အတွက် ရှမ်းနီပြည်နယ်လို့ သတ်မှတ်ပေးပါ၊ ဒါ ကျနော်တို့ရဲ့ ညီလာခံကြီးကနေပြီးတော့ပေါ့ ရှမ်းပြည်အမျိုးသားတွေရဲ့ အသံကတော့ ဒီလိုအသံထွက်ပါတယ်"

ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင်၊ ကချင်ပြည်နယ်၊ ဗန်းမော်၊ မိုးညှင်းနဲ့ စစ်ကိုင်တိုင်းဒေသကြီးက ရှမ်းနီလူမျိုး ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ရှိတဲ့အထဲမှာ ရှမ်းနီတိုင်းရင်းသားတွေကို လူမျိုးအဖြစ် သတ်မှတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ရှမ်းနီလူမျိုး တစ်သန်းနီးပါးလောက်ရှိပြီး ကချင်ပြည်နယ်မှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီ အမျိုးသားများ ညီလာခံကို ဒီနေ့ မတ်လ ၂၆ ရက်နေ့ကနေ မနက်ဖြန် မတ်လ ၂၇ ရက်နေ့ထိ နှစ်ရက် ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။