မြင်းခြံမှာ ဆရာတော်တစ်ပါး ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲ
2024.06.23

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ ဇွန်လ ၂၂ ရက်နေ့ညက ဆရာတော်တစ်ပါး ပစ်သတ်ခံရမှုအပေါ် စစ်ကောင်စီနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က အပြန်အလှန် စွပ်စွဲပြောဆိုပါတယ်။
သက်တော် ငါးဆယ်၊ ဝါတော် ၁၂ ဝါရှိပြီဖြစ်တဲ့ မြင်းခြံမြို့နယ်၊ စခမရွာ ဘုန်းကြီးကျောင်းက ဆရာတော် ဦးဥတ္တမနဲ့ ဦးအောင်မျိုးသောင်းတို့ဟာ မြင်းခြံမြို့ပေါ်ကို လူမှုကူညီရေးအသင်းကားနဲ့ လူနာပို့အပြီးအပြန် မြင်းခြံမြို့အထွက် အမှတ် ၁၈ ရပ်ကွက်အနီးမှာ ပစ်ခတ်ခံလိုက်ရတာပါ။
ဒီပစ်ခတ်မှုမှာ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့ပြီး အတူလိုက်ပါလာတဲ့ ဦးအောင်မျိုးသောင်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုကို PDF တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာလို့ ဒဏ်ရာရသူ ဦးအောင်မျိုးသောင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြင်းခြံမြို့နယ် အခြေစိုက် PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Myingyan Black Tiger အဖွဲ့ကတော့ ဒီပစ်ခတ်မှုကို PDF တပ်ဖွဲ့တွေက ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနဲ့ အခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိတဲ့အကြောင်း ဇွန်လ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံတစ်ဦးကတော့ ဒီပစ်ခတ်မှုဟာ PDF ဘက်က ပစ်ခတ်မှုမဖြစ်နိုင်တဲ့ အကြောင်း RFA ကို ပြောပါတယ်။
“အဲဒီရပ်ကွက်က မြင်းခြံမြို့ပေါ်မှာလေ။ PDF ကတော့ ညဘက်ကြီး မြင်းခြံမြို့ပေါ်အထိ မလာဘူး။ မြို့ခံတွေလည်း ညရှစ်နာရီလောက်ဆို ဘယ်မှမထွက်ကြတော့ဘူး။ သူတို့ (စစ်ကောင်စီတပ်) ပဲရှိတာ။ အဲဒီနေရာမှာ အရင်ကတည်းက ကင်းပုန်းတွေ ချထားတာရှိတယ်။ ကျင်းတွေတူပြီး နေကြတာ”
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော် ပျံလွန်မူခဲ့ပါတယ်။
အဲဒီတုန်းကလည်း စစ်ကောင်စီက PDF တွေက ပစ်ခတ်ခဲ့ကြောင်း ကနဦး ထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာ အတူတူလိုက်ပါလာတဲ့ မျက်မြင်ဆရာတော်ကတော့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တဲ့အကြောင်း မိန့်ကြားတဲ့ ဗီဒီယိုပျံ့နှံ့ပြီးနောက်မှာ စစ်ကောင်စီက သူတို့ ပစ်ခတ်ခဲ့ကြောင်း ပြောင်းလဲဝန်ခံခဲ့ပါတယ်။