မန္တလေးမြို့သား အာဇာနည် ၁၇ ဦး ဂုဏ်ပြုပွဲ ကျင်းပ
2016.03.01

၁၃၀၀ ပြည့်နှစ် အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ မန္တလေးမြို့သား ၁၇ ဦးကို ဂုဏ်ပြုတဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မန္တလေးမြို့ အာဇာနည် ၁၇ ဦး ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
လူတန်းစားပေါင်းစုံပါဝင်ပြီး လက်နက်နဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံမှတ်တိုင်ကို နောင်မျိုးဆက်တွေ အမှတ်ရပြီး အတုယူဖို့အတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပတာဖြစ်တယ်လို့ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။
"အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုတဲ့ အစဉ်အလာဟာ လူ့ယဉ်ကျေးမှုမှာရှိသင့်တဲ့ အစဉ်အလာပါ၊ ဒီအစဉ်အလာဟာ နောက်မျိုးဆက်မှာလည်း လက်နက်ရှိ တဲ့သူက အနိုင်မယူစတမ်း၊ လက်နက်ရှိတဲ့သူက လက်နက်မဲ့သူအပေါ်မှာ အကြမ်းမဖက်စတမ်း၊ ဒါဟာ ယဉ်ကျေးမှုတစ်ခုပါ၊ ဒီယဉ်ကျေးမှု မြန်မာပြည်မှာ ထွန်းကားသွားဖို့အတွက် ၁၃၀၀ ပြည့်အရေးတော်ပုံဟာ သင်ခန်းစာတစ်ခုပါ၊ မှတ်တိုင်တစ်ခုပါပဲ"
အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အလုပ်သမားတွေ စုစုပေါင်း ၁၀၀ ကျော်က မန္တလေးမြို့ ဦးပွားဘုရားကနေ အာဇာနည် ၁၇ ဦး ဗိမာန်ကို ချီတက်အလေးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တချို့လည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း ကျဆုံးသွားသူ ၁၇ ဦးထဲမှာ သံဃာ ၇ ပါး ပါဝင်ခဲ့ပြီး ၁၀ ဦးက လူပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ကျဆုံးသွားသူ ၁၇ ဦးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆောက်လုပ်ထားတဲ့ အာဇာနည် ၁၇ ဦးဗိမာန်မှာ အလေးပြုခွင့်ကို အစိုးရအဆက်ဆက် တားမြစ်ထားရာကနေ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကမှ ပြန်လည်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်။
မန္တလေးမြို့က ဗဟိုအမျိုးသားကျောင်းနဲ့ ရဟန်းပျိုအဖွဲ့က လွန်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ဥပဒေတွေကို ဆန့်ကျင် တဲ့ လှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့ပြီးနောက် အင်္ဂလိပ်အစိုးရရဲ့ နှိမ်နင်းမှုကြောင့် မန္တလေးမြို့ ၂၆ လမ်းမပေါ်မှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။