မန္တလေးအစိုးရဝန်ကြီး ရုံးခန်း ၂ ခု ဖောက်ထွင်းခံရ
2017.04.25

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းထဲက ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းနဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ရုံးခန်းတွေကို ပြီးခဲ့တဲ့ သြင်္ကန်ရုံးပိတ်ရက်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရပါ တယ်။
ဖောက်ထွင်းခံရတာကို ဧပြီလ ၂၄ ရက်နေ့မနေ့က ရုံးပြန်ဖွင့်ချိန်မှ သိရှိခဲ့ရတာဖြစ်ပြီး ပါသွားတဲ့ပစ္စည်း အရေအ တွက်ကို လက်ရှိ ပြန်လည် စိစစ်နေတုန်းဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကပြော ပါတယ်။
"ကျနော်က မနေ့ကမှဘန်ကောက်ကပြန်ရောက်တာ။ မနေ့ကမှရုံးဖွင့်တာလေ ရုံးဖွင့်မှ သိကြတဲ့ကိစ္စပေါ့ ၊ ကျနော်အခုမှ ရုံးလာတော့ ရုံးမှာပြန်ပြီးတော့ စာရင်းစစ်ပါအုန်း မယ်၊လုံခြုံရေးကတော့ နောက် ပိုင်းတော့ ဒီထက်မက ပိုကောင်းအောင်လုပ်ရမှာပါ၊ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့တာဝန်တွေပေါ့"
အဲဒီလို ဖောက်ထွင်းခံရရာမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရုံးခန်းက ကတ်ကြေး၊ ခရင်းစတာတွေနဲ့ ရှမ်းတိုင်းရေးရာဝန်ကြီးရုံးခန်းက မီးခံသေတ္တာတစ်လုံး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းမှာ အခုလိုဖောက်ထွင်းခံရမှုဖြစ်ပွားတာဟာ ဒုတိယအကြိမ်ဖြစ် ပြီး အခုနှစ်၊ နှစ်ဆန်းပိုင်းတုန်းကလည်း အစိုးရအဖွဲ့ရုံးဝန်းထဲက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်း ဖောက်ထွင်းခံခဲ့ရကာ လက်ကိုင်ဖုန်းတစ်လုံး ပျောက်ဆုံးခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး လုံခြုံရေးနဲ့ပတ်သက်ပြီး ရုံးဖွင့်ရက်၊ ရုံးပိတ်တဲ့ရက်တွေမှာလည်း တိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံးမှာ ရဲ နဲ့ လုံခြုံရေးကို ၂၄ နာရီ ဆောင်ရွက်ထားတာ၊လူဝင်ပေါက် ထွက်ပေါက်တွေမှာ စီစီတီဗွီတွေ တပ် ဆင်ထားတာတွေရှိတယ်လို့ သိရပါတယ်။
ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။