မန္တလေးပေါက်ကွဲမှုဟာ ကြိုတင်စီမံပြီး ဖောက်ခွဲတဲ့အမှုဖြစ်တယ်လို့ အစိုးရထုတ်ပြန်


2017.09.29
mdy-explosion-622.jpg မန္တလေးမြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ညက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ကယ်တစ်စင်းကို တွေ့ရစဉ်
ဓါတ်ပုံ - နေဝမ်းထွန်း ဖေ့စ်ဘွတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာ ကြိုတင် စီမံထားတဲ့ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ခဲ့ ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးတွေ့ရှိချက်တွေအရ ဒီဖြစ်စဉ်ဟာ လက်ကိုင်ဖုန်းကို အသုံးပြုပြီး ဖောက်ခဲ့ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဖောက်ခွဲမှုဖြစ်စဉ်ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင် က ပြောပါတယ်။

"ဝါယာကြိုး နှစ်စထွက်နေတယ်၊ သူ့မှာဖောက်ခွဲဖို့အတွက်ပေါ့နော် ဥပမာ တစ်နေရာကနေပြီးတော့ သူ့ဖုန်းကိုခေါ်လိုက်လို့ရှိရင် ဒီဖုန်းဝင်လာတာနဲ့ ကွဲသွားစေတယ်၊ ဒါမှမဟုတ်လို့ရှိရင် ဒီဖုန်းထဲမှာပဲ နာရီပါတဲ့အခါကျတော့ ဒီနာရီလေးနဲ့ အချိန်ကိုက်ပြီးတော့ ဒီအချိန်မှာကွဲအောင်လို့ ဆင်ထားတဲ့ပုံစံမျိုး၊ စောစောတုန်းကဝင်လာတဲ့ ဆိုင်ကယ်ရပ်ပြီးတော့ မိသားစုဈေးတန်းထဲသွားတဲ့အချိန်မျိုးမှာ အဲဒီဆိုင်ကယ်ပေါ်မှာ သူချိတ်ကောင်းချိတ်ခဲ့နိုင်တယ်"

မနေ့ည စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်က သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘုရားပွဲလာသူတစ်ဦး ဒဏ်ရာအနည်း ငယ်ရရှိ ခဲ့ကာ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူ ဦးဇော်ဟိန်း ကိုတော့ မန္တလေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ် ၈ မြို့မရဲစခန်းက ပေါက်ကွဲစေတတ်သောသတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

အခုလိုပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘုရားပွဲ၊ ကျောင်း၊ ဈေးနဲ့ ကားဂိတ်၊ ရထားဘူတာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြောငြာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။