မလေးရှားသံအဖွဲ့ စစ်တွေ ဒုက္ခသည်စခန်း သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် Mr.H.E.Dr.Ahmad Faifal နဲ့ မလေးရှားနိုင်ငံက အလှူရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

2012.10.08
rakhine-riot-camp-b305 ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
RFA

အဲဒီအဖွဲ့မှာ မလေးရှားနိုင်ငံက ဗုဒ္ဓသာသနာပိုင် အဖွဲ့ချုပ်က ဆရာတော်ကြီး ၅ ပါးနဲ့ ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၄၀ ကျော်ပါဝင်ပြီး ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံကာ နေ့လည်ပိုင်းမှာ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်း၊ သက္ကေပြင် ဒုက္ခသည်စခန်း၊ ဘောဒူဘ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကို အခုလို ပြောပါတယ်။

"ဆန်က သူက ၅ ကီလို အိတ်ကလေးတွေ၊ အဲဒါ အိတ် ၅၀၀၀ လောက်ပါတယ်။ နောက် ဆေးပါတယ်။ နောက် Family Box တွေပါတယ်။ နောက် ငါးဘူးတွေ အဲဒါပါတယ်။ အဲဒီ ဟိုဘက်က သက္ကေပြင် ဆိုတဲ့စခန်း အဲဒီဘက်တွေကိုသွားတယ်။ နောက် ဒီဘက်က ရခိုင်ဘက်က ရွှေစေတီကျောင်းကို သွားတယ်"

ဒါ့အပြင် အဲဒီအဖွဲ့ထဲမှာ ဆရာဝန်အဖွဲ့လည်း ပါဝင်ပြီး ဒုက္ခသည်တွေကို ကျန်းမာရေး စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအဖွဲ့ဟာ မနက်ဖြန်မှာ တစ်ခြားကျန်ရှိနေသေးတဲ့ ဒုက္ခသည် စခန်းတွေကို ဆက်လက်သွားရောက်ဦးမှာ ဖြစ်ပါတယ်။

စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက် အနီးမှာ ကပ်လျှက်ရှိတဲ့ ဗလီကြီးဝင်းအတွင်း မနေ့က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အခြေအနေတွေ မငြိမ်မသက် ဖြစ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ အခြေအနေတွေ ပုံမှန်အတိုင်း ဖြစ်နေပြီလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။