မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားတွေ အခွင့်အရေး ချိုးဖောက်ခံရ
2012.12.22

ရက် ၂ဝ ကျော်ထောင်ကျခံခဲ့ရပြီး ခေါင်းကိုက်ဝေဒနာကြောင့် ဆရာဝန်အကြံပြုချက်နဲ့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မမာလာ က ထောင်မှာစားရတဲ့ထမင်းက ကျောက်ခဲလိုမာတောင့်နေတယ်လို့ ဆိုပါတယ်။ ကျွေးမွေးတဲ့ ဟင်းကလည်း ပဲပြားဆိုရင် တော်တော်ကိုသေးပြီး၊ ခရမ်းသီးဗူးသီး ဟင်းအရည်ဆိုရင် ဆားမပါဘဲ ဒီအတိုင်းကျွေးတာကြောင့် ဘယ်သူမှစားမဝင်ဘူးလို့ ပြောပါတယ်။ ဆေးကုသခွင့်နဲ့ ပြင်ပဆက်သွယ်ခွင့် စတဲ့ အကျဉ်းသားအခွင့်အရေးတွေလည်း ပိတ်ပင်ခံနေရကြောင်းကိုလည်း အခုလိုပြောပါတယ်။
"အိမ်သာကလည်း ဘယ်လိုလဲဆိုတော့ အယောက် ၃ဝ ကျော်မှာ အိမ်သာလေးတလုံးပဲ အဲဒီအထဲထဲမှာ၊ အဲဒီနားလေးမှာပဲ အိပ်ရတာ၊ အဲဒီနေရာမှာပဲ ဘုရားရှိခိုးရတာ၊ မနက်ဆိုရင် ၅ နာရီပုံမှန်နိုးရတယ်၊ နောက်နေထိုင်မကောင်းရင်လည်း ဆေးတွေဘာတွေ တောင်းရင်လည်းမပေးဘူး၊ ခေါင်းတွေဘာတွေ ကိုက်တယ်ဆိုရင်၊ နောက်ဖုန်းတွေ ဘာတွေဆက်မယ်ဆိုရင်လည်း မပေးဘူး ဖုန်းဖြတ်တယ်လို့ ပြောတယ်၊ ကျမသူငယ်ချင်း ကောင်မလေး တယောက်ရှိတယ် ပဲခူးကနေပြီးတော့ သူ့ကိုအရမ်း အလုပ်ခိုင်းတာပဲ မနက်မိုးလင်း သူတို့စားပြီးတဲ့ ပန်းကန်တွေကော ကျမရင်ထဲမှာ တော်တော်ဆို့တယ်၊ အကုန်လုံးသူ့ကို ခိုင်းတယ် သူတို့အိပ်ယာတွေကအစ သွားသိမ်းပေးရတယ် မလိုအပ်တဲ့ အလုပ်ကိုသူက လုပ်နေရတယ်”
မအယ်သွယ်ဖြိုးလို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ ပတ်စပို့စ်သက်တမ်းကုန်လို့ ထောင်ကျခံနေရတာ ၅ လကျော်နေပြီ ဖြစ်တယ်လို့လည်း မမာလာက ဆိုပါတယ်။
အဲဒီစခန်းမှာ မြန်မာအမျိုးသမီး ၁ဝ ဦးရှိပြီး၊ အမျိုးသားများ အပါအဝင် ဦးရေ ၁၅ဝ ခန့်ရှိမယ်လို့လည်း သိရပါတယ်။ Burma Campaign Malaysia(BCM) က ကိုထွန်းထွန်းက ဒီလိုဖြစ်ပျက်နေရခြင်းရဲ့ ပြဿနာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုကို အစိုးရတာဝန်ယူ ဖြေရှင်းမပေးတဲ့အပြင် သတင်းထောက်တွေနဲ့ NGOs တွေကို စခန်းတွေထဲ ဝင်ရောက်စစ်ဆေးခွင့် မပေးတာတွေက အခြေခံအကြောင်းရင်းပဲလို့ ပြောပါတယ်။
အဲဒီစခန်းမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူပေါင်း ၅ဝဝ လောက် အထိန်းသိမ်းခံနေရကြောင်း၊ ဒီလိုစခန်းမျိုး မလေးရှားနိုင်ငံအတွင်းမှာ ၁၃ ခုရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုထွန်းထွန်းက ပြောပါတယ်။