ဘူးသီးတောင်က ဗိုလ်မှူးကတော် သေဆုံးမှု တပ်မတော်ကသတင်းထုတ်ပြန်
2019.03.01

ဘူးသီးတောင်မြို့နယ် စကခ (၁၅) တပ်ထဲကအရာရှိအိမ်မှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကတော်ဟာ ရေပိုက်နဲ့လုပ်ထားတဲ့လက်လုပ်ဗုံးပေါက်ပြီးသေဆုံးတာလို့ တပ်မတော်က မနေ့ကထုတ်ပြန်ပြောဆို လိုက်ပါတယ်။သံမဏိဘောစိတွေနဲ့ လုပ်ထားတဲ့ လက်လုပ်ရေပိုက်ဗုံးပေါက်ပြီး၊ ပွဲချင်းပြီးသေဆုံးတာလို့ဆိုပါတယ်။
အဲဒီဗိုလ်မှူးနဲ့ဇနီးသည်ဟာ၊ လက်ထပ်ပြီးစအချိန်၊ နေပြည်တော်ကနေ ဘူးသီးတောင်ကို တာဝန်နဲ့ ပြောင်းရတဲ့အခါမှာ သူတို့ရဲ့အိမ်ထောင်ပရိဘောဂတင်ထားတဲ့ကားကို ရသေ့တောင်နားမှာ အရပ်ဝတ်နဲ့လက်နက်ကိုင်ထားတဲ့ လူ ၆ ယောက်ကတားပြီးရှာဖွေရေးလုပ်ခဲ့တယ်လို့လည်း တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာရေးထားပါတယ်။
ဒါပေမယ့် ဘယ်အဖွဲ့ရဲ့လက်ချက်လဲဆိုတာမပြောနိုင်သေးသလို၊ ဘယ်သူကမှလည်း ဝန်ခံပြောဆိုတာ မရှိသေးပါဘူး။
AA ရက္ခိုင့်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့၊ အဲဒီသတင်းကိုသူတို့လည်းကြားတဲ့အကြောင်းနဲ့ တပ်မတော်ထဲမှာအလားတူဖြစ်ရပ်တွေရှိခဲ့ဖူးတယ်လို့ RFA ကိုအစောပိုင်းကပြောထားပါတယ်။