လန်ဒန်ဆရာတော်အပါအဝင် သံဃာ ၅ ပါး အမှု ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်
2016.10.08

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတိုက်နဲ့ ပတ်သက်ပြီး တရားစွဲ ဆိုခံထားရတဲ့ ဆရာတော် ၅ ပါးအနေနဲ့ မဟန ဆရာတော်တွေကို မတောင်းပန်တဲ့အတွက် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း က ပြောပါတယ်။
ဒီနေ့ နေပြည်တော် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇာနည်ဝင်းက ပြောတာဖြစ်ပါတယ်။
ဒါ့အပြင် မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်သံယမဟာနာယက အဖွဲ့ထံ လှူဒါန်းထားပြီး ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့တစ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ဖို့ မရှိဘူးလို့လည်း ပြောပါတယ်။
မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ ညက ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာအပါး၂ဝ ခန့်ကို သံဃာ့မဟာနာယကအဖွဲ့အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သာသနာရေးဝန်ကြီးတို့က ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။
နောက်တစ်နေ့မှာ လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို လူဝတ်လဲပြီး ရန်ကုန်တိုင်း သာသနာရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ နဲ့ တရားစွဲဆိုထား တာဖြစ်ပါတယ်။