လန်ဒန်ဆရာတော်က သံဃာ့မဟာနာယကအဖွဲ့နဲ့ ညှိနှိုင်းဖို့ မဖြစ်နိုင်ကြောင်း မိန့်ကြား


2016.09.30
london-monk-620.JPG လန်ဒန်ဆရာတော် ဦးဥတ္တရ ကို စက်တင်ဘာလ ၃ဝ ရက်နေ့က တာမွေမြို့နယ် တရားရုံးရှေ့မှာ တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်မြို့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ လန်ဒန် ဆရာတော်ဦး ကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး သံဃာ့မဟာနာယကအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာဟာ မဖြစ်နိုင်ကြောင်း သတင်းမီဒီယာတွေကို မိန့်ကြားပါတယ်။

ဒီကနေ့ လန်ဒန်ဆရာတော် အပါအဝင် ဆရာတော် ၅ ပါးကို တာမွေမြို့နယ်တရားရုံးမှာ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ နဲ့ တာမွေတရားရုံးမှာ တရားရင်ဆိုင်အပြီး သတင်းမီဒီယာတွေနဲ့ တေွ့ဆုံစဉ် ဆရာတော်က ဦးဥတ္တရ က မိန့်ကြားခဲ့တာပါ။

"အခုချိန်မှာတော့ နိုင်ငံတော်သံဃာ့မဟာနာယကနဲ့ တွေ့ဖို့ဆိုတာ ဘုန်းကြီးတို့ အချိန်မဟုတ်သေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတို့ကိုယ်တိုင်က သံဃာ့မဟာနာယကကို ဘာမှပြစ်မှားထားတာ မရှိတဲ့ အတွက်ကြောင့် နိုင်ငံတော်သံဃာ့မဟာနာယကနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ညှိနှိုင်းရမယ့်ကိစ္စမရှိသေး ဘူး၊ အဓိကလုပ်ရမယ့်တာဝန်က သာသနာရေးဌာနက တရားစွဲထားတာဖြစ်တဲ့အတွက် နိုင်ငံတော်သံဃာ့ မဟာနာယကကလည်း ပြောတယ်လေ၊ ဘုန်းကြီးတို့သွားပြီးတော့ တောင်းပန်တဲ့အခါမှာ တောင်းပန် စာတွေပို့တဲ့အခါမှာ တောင်းပန်လို့မရတော့ဘူးတဲ့၊ ဒါသူတို့နဲ့မဆိုင်တော့ဘူးတဲ့၊ တရားရုံးနဲ့ပဲ ဆိုင်တယ်တဲ့"

လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် ဆရာတော် ၅ ပါးကို မဟာသန္တိသုခကျောင်းတိုက်နဲ့ ပတ်သက်ပြီး သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ၊ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။

သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ကို တရားလို ဦးစိန်မော်က တရာရုံးမှာ တရားလာရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက အမှုကို ပိတ်သိမ်းလိုက်ပါတယ်။

ဒါပေမယ့် သံဃာ့အဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ ကိုဆက်လက် တရားရင်ဆိုင်နေရပြီး ရုံချိန်း ၄၈ကြိမ် ရုံချိန်းရှိပြီဖြစ်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရ က မိန့်ကြားပါတယ်။

မဟာသန္တိသုခဗုဒ္ဓသာသနပြုကျောင်းတော်ကြီးနဲ့ပါတ်သတ်ပြီး လန်ဒန်ဆရာတော်အပါဝင်ဆရာ၅ပါးဟာ အခုချိန်ထိ ၂နှစ်ကျော်ကြာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။