ကိုလျှံဖြိုးအောင် ထောင်သုံးနှစ် အမိန့်ချမှတ်ခံရ

2022.03.28
ကိုလျှံဖြိုးအောင် ထောင်သုံးနှစ် အမိန့်ချမှတ်ခံရ ထောင်သုံးနှစ် ချခံရသည့် ကိုလျှံဖြိုးအောင်ကို မိခင်နှင့်အတူ တွေ့ရစဉ်
Photo: Citizen Journalist

ပြီးခဲ့တဲ့နှစ်က မကွေးမြို့ ဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ ရတဲ့ ကိုလျှံဖြိုးအောင်ကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ မကွေး ထောင် တွင်းတရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။
 
ကိုလျှံဖြိုးအောင် ခုလိုအမိန့်ချမှတ်ခံလိုက်ရလို့ အယူခံ ဆက်မတက်တော့ဘူးလို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
 
"အယူခံ မဝင်တော့ပါဘူး၊ အယူခံဝင်လည်း အချိန်ကုန်ရုံပဲရှိမယ်၊ ချချင်လို့ကို သက်သက် ကြီး ချလိုက်တာပဲ၊ ပုဒ်မ ၅၀၅ (က) ကို ဒီလိုအပြည့်ကြီး ချလိမ့်မယ်လို့ မထင်ထားဘူး၊ ကျနော်တို့ကတော့ စိုးရိမ်တာပေါ့။ သူ့ဒဏ်ရာတွေက မီးလောင်သလို ဖြစ်ပြီး အကြောတွေ ကျုံ့ကုန်တော့၊ ဒါပေမဲ့ လျှံဖြိုးအောင်က စိတ်အရမ်းမာပါတယ်"
 
ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့က မကွေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုလျှံဖြိုးအောင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ညာဘက် လက် ပြတ်ကျပျက်စီးခဲ့ပြီး လက်ကောက်ဝတ် အထက်နားအထိ ဖြတ်လိုက်ရတာပါ။
 
မျက်နှာဘယ်ဘက်မှာလည်း အက်ကွဲဒဏ်ရာ၊ လက်နဲ့ ခြေထောက်တွေမှာ ရော်ဘာကျည် ထိမှန်ထားတဲ့ ဒဏ်ရာ၊ ညာမျက်လုံးမှာ ယမ်းစ ထိမှန်အပြီး သေနတ်ဒင်နဲ့ ရိုက်နှက်ခံထား ရတဲ့ ဒဏ်ရာတွေနဲ့ မကွေးမြို့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
 
ဇွန် ၇ ရက်မှာ စစ်ကောင်စီက ကိုလျှံဖြိုးအောင်ကို မကွေးစစ်ဆေးရုံကနေ မကွေး အကျဉ်းထောင်ကို ပို့ လိုက်ပြီးနောက် ဧပြီလမှာ သူ့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်ဟာ မကွေး နည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် သင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။