ပေါက်မြို့နယ် ကျားပစ်ကန်ရွာ လူနေအိမ် လေးဆယ်ဝန်းကျင် မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ကျားပစ်ကန်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ ၂၈ ဒီကနေ့ မနက် ၈နာရီ ခန့်မှာ မီးရှို့လို့ လူနေအိမ်လေးဆယ်ဝန်းကျင် မီးထဲပါသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ရွာထဲက ပြန်ထွက်သွားချိန် ကျားပစ်ကန်ရွာထဲကို ဝင်ရောက်ကြည့်ရှုခဲ့တဲ့ ရွာသားတစ်ဦးကတော့ သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
"သုံးပုံပုံ တစ်ပုံလောက် မီးရှို့ခံရပြီဗျ။ ရွာဝမှာလည်း မိုင်းတွေထောင်ထားလို့ တစ်ရွာလုံးလည်း ဘယ်သူမှ မကပ်ရဲဘူးဗျ။ ရွာထဲကတော့ ကျနော်ခန့်မှန်းခြေပေါ့။ အိမ်ခြေ ၄၀ ကျော်လောက်တော့ ကုန်လိမ့်မယ်ထင်တယ်။ ရေလို့ မပြီးသေးဘူး။အိမ်မွေးတိရစ္ဆာန်တွေပေါ့ ခွေးတို့၊ နွားတို့၊ ဆိတ်တို့ မီးထဲ ပါကုန်တယ်။"
ရွာအလယ်ဘက်ကနေ ရွာတောင်ဘက်ခြမ်းတစ်ခုလုံး မီးရှို့ခံရပြီး ရွာရဲ့မြောက်ဘက်ခြမ်းကတော့ နေအိမ် တစ်လုံးနှစ်လုံးပဲ ပါတယ်လို့ ပြောပါတယ်။
ဒီအပြင် နေအိမ်တွေက အိမ်သုံးပရိဘောဂတွေ၊နေအိမ် အသုံးအဆောင်ပစ္စည်းတွေ၊ မီတာဘောက်တွေကို ရိုက်ခွဲဖျက်ဆီးသွားပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေကို ကြည့်နေတုန်း စစ်တပ်နဲ့ပျူစောထီးအဖွဲ့ ပြန်ဝင်ရောက်လာတယ်လို့ သတင်းကြားလို့ ပြန်ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၈၀ ခန့်က ကျားပစ်ကန်ရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ဝင်ရောက်ကာ ညအိပ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ မီးစတင်ရှို့ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လေးနှစ်ခွဲအရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး လူငါးဦးခန့်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ကျားပစ်ကန်ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ဟာလည်း ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။